ကိုဆွေဝင်း ကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို

2017-03-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/ RFA

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ်မှာ နေထိုင်တဲ့ ကိုသက်မျိုးဦးဆိုသူက ကျောက်တံတား မြို့နယ်တရားရုံးမှာ သာသနာညှိုးနွမ်းစေမှုနဲ့ ဒီကနေ့ တရားစွဲဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကိုဆွေဝင်း ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာတွေဟာ ဘာသာ သာသနာကို ညှိုးနွမ်းစေတယ်ဆိုပြီး တရားစွဲဆိုတာဖြစ်တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။

"မနေ့က သူတိုင်ကြားတဲ့အမှုက ရဲအရေးမပိုင်တဲ့အမှုပေါ့၊ ဝရမ်းအမှုခေါ်တာပေါ့၊ တရားသူကြီးရဲ့ အမိန့်အရသာ ဆောင်ရွက်ရတဲ့အတွက် ရဲစခန်းက ညွှန်ကြားချက်အရ ကျောက်တံတားမြို့နယ် တရားရုံးကို သွားတိုင်တာပေါ့၊ တိုင်ကြားတဲ့အချက်တွေကတော့ ကိုဆွေဝင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတဲ့အချက်တွေသည် ဘာသာ သာသနာကို ညှိးနွမ်းစေတယ်၊ ဒါကြောင့် အရေးယူပေးပါလို့ တိုင်တာပေါ့"

ကျောက်တံတားမြို့နယ်တရားရုံးက ကိုသက်မျိုးဦးရဲ့ တိုင်ကြားချက်ကို ခိုင်လုံမှုရှိ မရှိ စစ်ဆေးဖို့ ကျောက်တံတားမြို့မ ရဲစခန်းကို တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။

သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုတာကို ကိုဆွေဝင်းထံ ကျောက်တံတား ရဲစခန်းက တရားဝင် အကြောင်းကြားခြင်းမရှိသေးပါဘူး။

မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းဟာ ဖေဖော်ဝါရီလ ၂၇ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ၊ ၀ီရသူ ပါရာဇိက ကျပြီး ရဟန်းဘ၀နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး " လို့ ရေးသားခဲ့ပါတယ်။

အဲဒီလိုရေးသားထားတာနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းကို မန္တလေးမြို့မှာ နေထိုင်တဲ့ ကိုကျော်မျိုးရွှေဆို သူကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရတဲ့အတွက် ကိုဆွေဝင်းက သူ့အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်သလို သာသနာရေးကို အသုံးချပြီး ရာဇ၀တ် မှုမြောက်စေတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတာကို လက်မခံကြောင်း မတ်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့