သတ္တုတူးဖော်ခွင့်လိုင်စင်သစ် ထုတ်ပေးတော့မည်မဟုတ်ကြောင်း တနင်္သာရီဝန်ကြီးချုပ်ပြောကြား


2016.06.11
lelemaw-620.jpg ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုုပ် ဒေါက်တာလဲ့လဲ့မော် ကို ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: tanin tharyi regional grovement (facebook)

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအစိုးရသက်တမ်းအတွင်း သတ္ထုတူးဖေါ်ရေး စီမံကိန်းကိုအသစ်တွေ ကို တူးဖော်လုပ်ကိုင်ခွင့် ချမပေးတော့ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

ဒီနေ့ ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက် ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုုပ်က အခုလိုပြောတာလို့ ထားဝယ်လူ့အခွင့်ရေး စောင့်ကြည့်ရေး ကွန်ရက်က ဦးသန်းဝင်းက ပြောပါတယ်။

"သတ္တုမိုင်းတွေ ပတ်သက်ပြီးတော့လည်း သူကပြောတယ်ဗျ၊ လက်ရှိမိုင်းတွေက မိုင်းဥပဒေနဲ့ မညီတာတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေ၊ မိုင်းအနီးအနားမှာနေတဲ့ ပြည်သူလူထု နစ်နာနိုင်တာတွေကို တရားစွဲမယ်ပေါ့နော်၊ နောက်တစ်ခုက နောက်ထပ်လာလျှောက်တဲ့ ဘယ်သတ္တုမိုင်းကိုမှ သူ့လက်ထက်မှာ မိုင်းကိုလုံးဝခွင့်ပြုမှာ မဟုတ်ဘူးတဲ့"

လက်ရှိတနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ သတ္ထုတူးဖော်ရေးကုမ္ပဏီ ၃ဝ တို့က အကြီးစားလုပ်ကွက် ၉ ခု အသေးစားလုပ်ကွက် ၂၈ ခုနဲ့ ရွှေတူးဖော်ရေးလုပ်ကွက် ၂ ခုကို မြေဧက တစ်သောင်း နှစ်ထောင် ကျော်မှာ တူးဖော်နေကြတာဖြစ်ပါတယ်။

ဒီလိုတူးဖော်နေတဲ့ သတ္ထုမိုင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ၊ ချောင်းတွေပျက်စီးတာတွေ ဖြစ်နေ တာကြောင့် ဥပဒေနဲ့အညီ လိုက်လံစစ်ဆေးနေပြီး မလိုက်လာပါက ပိတ်သိမ်းတာတွေ အထိ ပြုလုပ်သွားမယ် လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ထားဝယ်မြို့ ကမြောကင်းလမ်းမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ အစိုးရအဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက မြေဖို့နေတာတွေကို ဝန်ကြီးချုပ်က ရပ်တန့်ခိုင်းထားပြီး ဥပဒေနဲ့ မညီညွတ်တာတွေ ကိုလည်း အရေးယူသွားမယ်လို့ ပြောပါတယ်။

ဒီနေ့လူထုတွေဆုံပွဲမှာ တက်ရောက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုတွေက ဒေသတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာနဲ့ သတ္ထုမိုင်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးတဲ့ကိစ္စတွေကို ဝန်ကြီးချုပ်ဆီ တင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။