အမှန်တကယ်စိုက်ပျိုးခြင်းမရှိတဲ့ မြေဧက တစ်သိန်းခွဲကို တိုင်းအစိုးရပြန်သိမ်းမည်


2017.09.25
yayphyu-palm-622.jpg တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ဆီအုန်းခြံတွေကို တွေ့ရစဉ်
တနင်္သာရီ မိတ်ဆွေများအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးမှာ ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိထားတဲ့ မြေဧက ၂ သိန်းထဲက အမှန်တကယ် မစိုက်ပျိုးတဲ့ မြေဧက ၁ သိန်းခွဲကို တိုင်းအစိုးရက လုပ်ပိုင်ခွင့် ပြန်သိမ်းမယ်လို့ သိရပါတယ်။

စိုက်ပျိုးလုပ်ကိုင်ခွင့်စာချုပ်ထဲမှာ ပါတဲ့အတိုင်း လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေတွေမှာ သတ်မှတ်ကာလ ၄ နှစ်အတွင်း အပြီးစိုက်ပျိုးထားခြင်းမရှိတာတွေကို ပြန်သိမ်းမှာဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွား မှာဖြစ်တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောပါတယ်။

"မြေလွတ်မြေရိုင်းလေ။ သူတို့ငှားထားခဲ့တာလေ။ စာချုပ်စည်းကမ်းအရ ၄ နှစ်အတွင်း အပြီးစိုက်ရမယ်ဆိုတာ ပါတယ်လေ။ ပထမတစ်နှစ် ဘယ်လောက်စိုက်မယ်။ ဒုတိယတစ်နှစ် ဘယ်လောက်စိုက်မယ်ဆိုတာလေ။ လေးနှစ် အတွင်း အကုန်လုံးစိုက်ရမယ်။ မစိုက်ဘဲနဲ့ ကျန်ခဲ့တဲ့မြေတွေကို လုပ်ပိုင်ခွင့်ရုပ်သိမ်းမှာ ပြန်ပြီးတော့လေ။ သူတို့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ တွေ့ဦးမှာ။ အဲဒီမစိုက်ဘဲနဲ့ ကျန်ခဲ့တဲ့ဟာတွေကို သူတို့လည်း ပြန်စိုက်ချင်တယ်ဆိုရင် မြေလွတ်မြေရိုင်း လုပ်ထုံးနည်းအရ ပြန်လျှောက်ပေါ့ဗျာ"

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုမ္ပဏီပေါင်း ၄၂ ခုက စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် ရထားတဲ့မြေတွေမှာ အမှန်တကယ်စိုက်ပျိုးခြင်း ရှိ၊ မရှိဆိုတာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြို့နယ်အလိုက် အဆင့်ဆင့်ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထားတုန်းက ဆီအုန်းစိုက်မယ်ဆိုပြီး လျှောက်ခဲ့ပေမယ့် လက်တွေ့မှာ ရာဘာတွေစိုက်ပျိုးတာတွေလည်း တွေ့ရတာကြောင့် အဲဒီလိုစိုက်ခင်းတွေကိုလည်း အရေးယူသွားမယ်လို့ ပြော ပါတယ်။

အဲဒီမြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်တွေကို ပြန်သိမ်းပြီး အမှန်တကယ် စိုက်ပျိုးချင်ကြတဲ့ ဒေသခံတွေကို လျှောက်ထား ခွင့်ပြုသွားမယ်လို့ ဦးမြင့်စန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။