သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ရွှေရတု ကျင်းပ


2016.07.21
thakhin-kotaw-hmaing-620.jpg ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၅၂ ပြည့်နဲ့ ဂူဗိမာန် နှစ် ၅၀ ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား တောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ဇူလိုင်လ ၂၁ ရက်နေ့ကကျင်းပစဉ်
Photo:Thiha Tun/RFA

ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၅၂ ပြည့်နဲ့ ဂူဗိမာန် နှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ သဘောထားတွေကို လူထုကြားကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ဖို့ ကဗျာရွက်ဆိုပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ ထည့်သွင်းပြီး ဒီနေ့ စတင်ကာ ၃ ရက်ကြာကျင်းပမှာ ဖြစ်တယ်လို့ ဆရာကြီးရဲ့ ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းငြိမ်း က ပြောပါတယ်။

"ဒီနေ့ ဗမာပြည်မှာ အလိုအပ်ဆုံးက ငြိမ်းချမ်းရေးပါပဲ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တပ်မတော်တို့ တိုင်းရင်းသား အင်အားစုတွေ လက်နက်ကိုင်အင်အားစုတွေရော အကုန်လုံးငြိမ်းချမ်းရေးကို အားသွန်ခွန် စိုက် ဆောင်ရွက်နေတဲ့ကာလလို့ ကျနော်တို့ ခံယူပါတယ်၊ ကျနော်တို့ကိုယ်တိုင်ကလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးအယူအဆကို ဆက်ခံပြီးတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ကို ဖွဲ့စည်းထားတာရှိပါတယ်၊ အဲ့ဒီအတွက် ပြည်သူလူထုကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီလိုအတွေးအမြင်အယူအဆတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်"

ဒီနေ့စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲပြုလုပ်ခဲ့ကြပြီး စာရေးဆရာ ကဗျာဆရာ တွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်း စပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး ကဗျာတွေ ရွတ်ဆိုဂုဏ်ပြုခဲ့ကြပါတယ်။

မနက်ဖြန် ဒုတိယနေ့မှာ ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဆရာကြီးကွယ်လွန်တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆရာတော် သံဃာတော်တွေကို ဆွမ်းကပ်လှုဒါန်းတာတွေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်တဲ့ အမှတ်တရ ဂုဏ်ပြု အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လွန်ခဲ့တဲ့ ၁၈၇၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ပြည် ခရိုင် ရွှေတောင်မြို့နယ် ဝါးလည်ရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတို့မှာ စာရေးဆရာ ကဗျာ ဆရာ တစ်ဦးအဖြစ် သာမက တို့ဗမာ အစည်းအရုံးမှာ နာယကတစ်ဦး အနေနဲ့ပါ ပါဝင်ခဲ့သူဖြစ်ပါတယ်။

မကွန်လွန်ခင်အချိန်အထိ ပြည်တွင်းငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဦးဆောင်တောင်းဆိုခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။