အမေရိကန် အူဘာ အငှားယာဉ် ဝန်ဆောင်မှုကုမ္ပဏီ မြန်မာနိုင်ငံ မှာ လုပ်ငန်းစတင်

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အူဘာ (Uber) အငှါးယာဉ်ဝန်ဆောင်မှုကုမ္ပဏီက မော်တော်ကားတွေကို ရန်ကုန်မြို့မှာ ဒီနေ့ စတင်ပြေးဆွဲလိုက်ပြီလို့ သိရပါတယ်။

အရင်က ရန်ကုန်မြို့မှာ အိုးဝေနဲ့ ဟယ်လို အငှါးကားဝန်ဆောင်မှုလုပ်ငန်းနှစ်ခုရှိထားပြီး၊ မကြာသေးခင်ကတော့ စင်ကာပူနိုင်ငံအခြေစိုက် Grab အငှါးယာဉ်ဝန်ဆောင်မှုကုမ္ပဏီဝင်လာခဲ့သလို၊ အခု Uber ကုမ္ပဏီက ဝင်ရောက် လုပ်ကိုင်လာတာဖြစ်ပါတယ်။

အူဘာကုမ္ပဏီဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ပုဂ္ဂလိကအိမ်သုံးကားတွေကို အငှားကားအဖြစ် သူ့ကုမ္ပဏီမှာ မှတ်ပုံတင်ရုံသာလိုအပ်ပြီး၊ မောင်းသူက သီးခြားအငှားယဉ်မောင်းလိုင်စင်လုပ်ဖို့မလိုပဲ အချိန်မရွေးမောင်းနိုင်အောင် အွန်လိုင်းကနေစီမံခန့်ခွဲနေတဲ့ ကမ္ဘာ့အကြီးဆုံး အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အစိုးရအသိအမှတ်ပြုထားတဲ့ အငှားယာဉ်မောင်းလိုင်စင်ရှိသူကိုပဲ အူဘာကုမ္ပဏီက အဖွဲ့ဝင် အဖြစ် လက်ခံဦးမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့က အငှားကားတွေမှာ လက်ရှိလည်ပတ်နေတဲ့စနစ်က မောင်းသူနဲ့ ခရီးသည် ဈေးညှိရတဲ့စနစ်ဖြစ်ပြီး၊ အူဘာအငှားတွေကတော့ အနိမ့်ဆုံး သတ်မှတ်ချက် ၁၈၀၀ ကျပ်ကနေ ခရီးအတို အရှည်ပေါ်မူတည်ပြီး ကားခကို တိုးယူသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးချောမွေ့အောင် အူဘာကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကိုလည်း ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကြိုဆိုတယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။