မွတ်စလင်တွေ လူ့အခွင့်အရေး ဆုံးရှုံးနေကြောင်း ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပြောကြား


2015.01.09
yanghee-lee-305 .jpg ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ရောက်ရှိလာစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ မြေပုံမြို့ကို ဒီနေ့ သွားရောက်ပြီး လွှတ်တော် ညကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ မစ္စရန်ဟီးလီက မြေပုံမြို့နယ် အတွင်း ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝန်းနှစ်ခု သင့်မြတ်ပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေးကိစ္စတွေ ကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့ တဲ့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

"ကျနော်တို့ကဘယ်လိုပြောရမလဲ၊ အခုလက်ရှိ အချိန်မှာ ဘာပဲဖြစ်ဖြစ်ဒုက္ခသည်တွေက ရှိနေကြတယ်ပါ့လေ၊ ဒုက္ခသည်တွေကို ရာသက်ပန်ထားလို့မဖြစ်ဘူး၊ ဒီလူတွေမှာ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာနေတယ်၊ အဲ့ဒါကြောင့် သူတို့ကိုလူ့အခွင့်အရေး အရဖြစ်စေ၊ လူသားချင်းစာနာမှုအရဖြစ်စေ သူတို့ကိုလွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ သင့်သင့်မြတ်မြတ်နဲ့ ပြန် လည်နေရာချထားမယ့်အပိုင်းတွေကို ဒေသခံလူတွေက ခွင့်လွှတ်သည်းခံပြီးတော့ အဲ့ဒါကိုပြန်လည် ချထား  အကောင်အထည်ဖော်ပေးစေချင်တဲ့ စကားပြောသွားပါတယ်"

ဒါ့အပြင် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားကြတဲ့ မွတ်စလင်တွေဟာ လူ့အခွင့်အရေးတွေဆုံးရှုံးနေပြီး သူတို့ကို လွတ်လပ်စွာသွားလာလုပ်ကိုင်ခွင့်တွေ ပေးဖို့ ရန်ဟီးလီ က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အချိန်ကာလတစ်ခုကိုစောင့် ဆိုင်းဖို့လိုအပ်တယ်လို့ မြို့ခံတွေက Ms. Yanghee Lee ကို အကြံပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ရခိုင်တိုင်းရင်းသားတွေလက်မခံနိုင်တဲ့ အမည်ဖြစ်တာကြောင့် မွတ်စလင် အသိုင်းအဝန်းက ရိုဟင်ဂျာကိုအသိအမှတ်ပြုဖို့ တောင်းဆိုနေသရွေ့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာမဖြစ်နိုင်ကြောင်း ကိုလည်း Ms. Yanghee Lee ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

Ms. Yanghee Lee ဟာ မြေပုံမြို့တောင်ပေါ် မွတ်စလင်ဒုက္ခသည်စခန်းကိုသွားရောက်ပြီး ဒုက္ခသည်တွေ နဲ့ တွေ့ဆုံခဲ့သလို မနက်ဖြန်မှာ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ ရှိတယ်လို့သိရပါတယ်။

မြေပုံမြို့ကို ရောက်ရှိလာတဲ့ Ms. Yanghee Lee ကို မြေပုံမြို့ခံအချို့က ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံကြောင်း ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ရာမှာ ရဲတပ်ဖွဲ့က တားဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။