NLD ကို အားကိုးလို့ မဖြစ်ကြောင်း ဦးခွန်ထွန်းဦးပြော


2016.05.07
una-press-conference-620.jpg ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

NLD အစိုးရကို တိုင်းရင်းသားတွေ အားကိုးလို့မရတော့ကြောင်းနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ အားကိုးရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးမှာ ဦးခွန်ထွန်းဦးက တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

"အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်၊ ထည့်လိုက်တဲ့အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး၊ တိုင်းရင်းသားတွေ အားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBF  ဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်"

အဲ့ဒီအစည်းအဝေးမှာ အရင်က အဖွဲ့ဝင် ၈ ဖွဲ့ရှိတဲ့ UNA ကို နောက်ထပ်အဖွဲ့ ၄ ဖွဲ့ကို လက်ခံလိုက်ပြီး အခုဆိုရင် အဖွဲ့ဝင် ၁၂ ဖွဲ့ ရှိပါတယ်။ အသစ်ဝင်ရောက်လာတဲ့ အဖွဲ့တွေကတော့ ခူမီး (ခမီ) အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီတွေဖြစ်ပါတယ်။

လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် က ၂၁ရာစု ပင်လုံညီလာခံကျင်းပရင်တောင် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အလားအလာ နည်းနေသေးကြောင်းနဲ့ စိတ်မလျှော့ကြပဲ ကြိုးစားကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းဝေးမှာ UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရဖို့ တင်ပြထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို လက်ခံသင့်၊ မသင့် ကိစ္စနဲ့ UNA အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။