နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC အဖွဲ့ဝင်တွေ တွေ့မည်


2017.02.17
dassk-meet-unfc-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိူးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ NRPC ရုံးမှာ တွေ့ဆုံခဲ့စဉ်
Photo: Aung Thain Kha/ RFA

လာမယ့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို အစိုးရဘက်က မနေ့က တရားဝင်ဖိတ်ကြား လိုက်ပါတယ်။

ဖိတ်ကြားစာကို လက်ခံရရှိထားကြောင်းနဲ့ တွေ့ဆုံမယ့်အချိန်နဲ့ပတ်သက်လို့ UNFC အစည်းအဝေးမှာ ဆုံးဖြတ်ပြီးရင် အစိုးရကိုအကြောင်းပြန်သွားမှာ ဖြစ်တယ်လို့ UNFC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် ကပြောပါတယ်။

"ကျနော်တို့ဘက်ကတော့ စာတော့ လက်ခံရရှိပါတယ်။ မနေ့က ပို့လာတာပေါ့နော်။ အဲဒီကိစ္စကို ကျနော်တို့က ခေါင်းဆောင်တွေက ခရီးလွန်နေကြတော့ တုန့်ပြန်ဖို့ မရနိုင်သေးပါဘူး။ အဓိကကတော့ အချိန်ညှိရမယ့်သဘောပါပဲ။ ကျနော်တို့က ဒီအစည်းအဝေး ဖိတ်ခေါ်မှုကိုတော့ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ အချိန်ပါပဲ အဓိကကတော့။ ကျနော်တို့ ခေါင်းဆောင်တွေ ခရီးကပြန်ရောက် ရင်တော့ အချိန်ကို ညှိနှိုင်းပြီးတော့မှ ကျနော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

အစိုးရဘက်က အခုလ ၂၃ ရက်နေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JBC အစည်းအဝေးကို ကျင်းပပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေ တဆက်တည်း တွေ့ဆုံနိုင်ဖို့ကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် UNFC အဖွဲ့ဝင်အဖွဲ့ဝင်တွေရဲ့ အဆိုပြု ချက် ၉ ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက်  ငြိမ်းချမ်းရေးကော် မရှင်နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ရဲ့ ၄ ကြိမ်မြောက် တရားဝင်တွေ့ဆုံပွဲ ကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြုလုပ်သွားဖို့ အစိုးရဘက်က ကမ်းလှမ်းချက်ထဲမှာ ထည့်သွင်းထားပါတယ်။

UNFC အဖွဲ့ဝင်အဖွဲ့တွေဘက်က ၂၁ ရာစုပင်လုံညီလာခံကို ပါဝင်တက်ရောက်နိုင်ဖို့အတွက် အဆိုပြု ထားတဲ့  အချက် ၉ ချက်ထဲမှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး ၂၄  နာရီအတွင်း အစိုးရနဲ့တပ်မတော်ဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာဖို့နဲ့ UNFC အဖွဲ့ဝင်တွေဘက်က ၄၈ နာရီအတွင်း ထုတ်ပြန်ကြေညာဖို့ပါရှိပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အာမခံချက်ရှိတဲ့ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားဖို့နဲ့ ၂၁ ရာစု ပင်လုံညီလာခံက ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN အဖွဲ့တွေ တရားဝင်အစည်းအဝေး ၃ ကြိမ်နဲ့ အလွတ်သဘော ၁ ကြိမ်ဆွေးနွေးပြီး ဖြစ်ပေမယ့် မပြေလည်သေးကြောင်းနဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည်ထံ အသိပေး အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။