UNFC က NCA လက်မှတ်ထိုး လိုကြောင်း ဒေါက်တာတင်မျိုး ဝင်း ပြောကြား


2017.04.29
unfc-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က ကျင်းပတဲ့ UNFC အဖွဲ့နဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ဒေါက်တာတင်မျိုးဝင်း ကို တွေ့ရစဉ်
Photo: Aung Moe Myint/ RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးရယူဖို့ တိုင်းရင်းသားအားလုံးက သဘောထားဆန္ဒတစ်ခုတည်းရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ခူဦးရယ် ဦးေဆာင်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဧပြီလ ၂၈ ရက်နေ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဒေါက်တာ တင်မျိုးဝင်း က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

“တိုးတက်အောင် ကျနော် အများကြီး ဆွေးနွေးနိုင်ပါတယ်၊ အဓိကကတော့ NCA ထိုးပြီးတော့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးရဖို့အတွက်ကို အားလုံးကနေပြီးတော့ သဘောထား ဆန္ဒတစ်ခု တည်းရှိတဲ့အတွက် အားလုံး တဖက်နဲ့ တဖက် ရင်းရင်းနှီးနှီး ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အပြင် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် တိုးတက်မှုအများကြီးရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”

ဒီအစည်းအဝေးမှာ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးခွင့်မပြုဘဲ နိုင် ငံရေးဆွေးနွေးပွဲသာ တက်ရောက်ခွင့်ပေးမယ်ဖို့ ပြောကြားထားခဲ့တဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး LDU နဲ့ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့တွေကို အခု အစိုးရက NCA လက်မှတ်ရေးထိုးခွင့်ပြုမှာဖြစ်ကြောင်း အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမည်မဖော် လိုတဲ့ အစည်းအဝေး တက်ရောက်သူတစ်ဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးပြီးရင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား နှစ်ဖက်သဘောတူညီချက်စာချုပ်တစ်ခု ချုပ်ဆိုဖို့ အတွက်လည်း မနေ့က အစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲမှာ DPN အဖွဲ့ကနေ ငြိမ်းချမ်းရေးကော်မရှင်ထံ အဆိုပြု တင်ပြထားတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့တော့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ကြောင်း ခူဦးရယ် က ပြောပါတယ်။

“ကျနော်တိုက မူအားဖြင့်ပဲ သဘောတူထားတာလေဆိုတော့ မူအားဖြင့် ဆိုတဲ့အခါကြတော့ အသစ်ပြင်စရာရှိတာကိုလည်း ပြုပြင်တယ်ပေါ့နော် နောက်ပြီးတော့ ကျနော်တို့ အပြန်အလှန် ညှိရတာတွေလည်း ရှိတယ်ပေါ့၊ အဲဒီအပေါ်မှာကတော့ ယတိပြတ် ဆုံးဖြတ်ချက်တွေတော့ မချနိုင်သေး ဘူး နှစ်ဖက်စလုံးက ကျနော်တို့ ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲပဲ၊ အမြန်ဆုံးကတော့ ကျနော်တို့ သဘောတူနိုင်မယ့် အနေအထားမျိုးရောက်ဖို့ ဆိုတာကတော့ ဆက်လက်ညှိနှိုင်းသွားရအုံးမှာပါ”

မနေ့က ဆွေးနွေးပွဲကနေ ရရှိလာတဲ့အချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပြီး လာမည့် မေလလယ်ပိုင်းမှာ ထပ်မံတွေ့ဆုံကြဖို့ သတောတူခဲ့ကြကြောင်း၊ အဲဒီနောက် တကြိမ်ဆွေးနွေးပွဲမှာ သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ မေလ ၂၄ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမတိုင်ခင်မှာ UNFC အဖွဲ့ဝင်တွေအနေနဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ အစည်းအဝေး တက်ရောက်သူတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။