UNFC က နှုတ်ထွက်ဖို့ ဝ အမျိုးသားအဖွဲ့ချုပ် အတည်ပြု


2017.05.07
unfc-meeting-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပစဉ်
Photo:Aung Moe Myint/RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် WNO ဝ အမျိုးသားအဖွဲ့ချုပ်ဟာ နိုင်ငံရေး စစ်ရေး အပြောင်းအလဲတွေကြောင့် မဟာမိတ်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ အကြပ် အတည်းဖြစ်လာတဲ့အတွက် UNFC အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ခွင့်ပေးဖို့ အင်တာနက်အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ တဲ့ စာဟာ ဟုတ်မှန်ကြောင်း WNO အတွင်းရေးမှူး (၁) ဗိုလ်မှူး တာ့ညီလူ က အတည်ပြု ပြောဆိုပါတယ်။

UNFC ဥက္ကဌ ထံလိပ်မူပြီး နှုတ်ထွက်ခွင့်တောင်းဆိုထားတဲ့ အဲဒီစာမှာ WNO အနေနဲ့ UWSP ဝ ပြည် သွေးစည်းညီ ညွတ်ရေးပါတီနဲ့ ပူးပေါင်းပြီး ဝ အဖွဲ့အစည်းတစ်ဖွဲ့တည်းအဖြစ် စုစည်းဖို့ရှိတာကြောင့် UNFC အဖွဲ့ဝင်အဖြစ် က နှုတ်ထွက်ခွင့်ပေးဖို့ ဒီရက်ပိုင်းအတွင်း တရားဝင်စာပေးပို့ တောင်းဆိုမှာဖြစ်တယ်လို့ ဗိုလ်မှူး တာ့ညီလူ က RFA ကို ပြောပါတယ်။

ကျနော်တို့ အဖွဲ့အစည်းရဲ့ အနေအထားပေါ့နော်၊ ဒီနိုင်ငံရေးကို ဆက်ပြီးတော့ သွားဖို့ဆိုတာ ကျနော်တို့ဆီမှာ အခက်အခဲတွေရှိတယ်လေ၊ ဘာကြောင့်အခက်အခဲရှိတုန်း ကျနော်တို့ဆီမှာက ကိုယ့် လူထုနဲ့ နေတာဝေးတဲ့အခါကြတော့ နိုင်ငံရေးကိုလုပ်ဖို့ဆိုတာ ကျနော့်အဖွဲ့အစည်းက ခက်ခဲတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကို သဘောထားကြတော့ ဒါဆို ကျနော်တို့ ဒီလို သွားလို့မဖြစ်တော့ဘူး၊ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အဓိက နိုင်ငံရေးလမ်းကြောင်း အတူတကွသွားဖို့ အဲလိုပုံစံပေါ့ UWSA နဲ့ပေါ့၊ ကန့်ကွက်မှုလည်းမရှိဘူး၊ သူတို့သွားတဲ့ ပုံစံအတိုင်း ဒီလိုပဲ ဆက်ပြီးတော့ သူတို့နဲ့အတူတကွ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးပေါ့။ စာတော့ ဒီတစ်ရက် နှစ်ရက်အတောအတွင်းမှာ တရားဝင် ကျနော်တို့ ပေးတော့မယ်“

ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့အခုလို UNFC အဖွဲ့ကနေ နှုတ်ထွက်ခွင့်တောင်းဆိုဖို့ ဖြစ်လာတာဟာ UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက ဝ ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နဲ့ ပူးပေါင်းဖို့ ဖိအားပေးလာတာကြောင့်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗိုလ်မှူး တာ့ညီလူ ကတော့ အဲဒီသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး၊ ဝ လက်နက်ကိုင်အဖွဲ့တွေ ကွဲကွဲပြားပြား ရှိနေမယ့်အစား တစ်ဖွဲ့တည်းအဖြစ်စုစည်းဖို့ ဝ လူထုနဲ့ ဝ အဖွဲ့အစည်းတွေက တောင်းဆိုကြတာကြောင့်လို့ ပြော ပါတယ်။

WNO ဝ အမျိုးသားအဖွဲ့ချုပ်ကို ၁၉၇၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။  ဥက္ကဌ မဟာဆန်း က ဦးဆောင်ခဲ့ပြီး၊ လက်ရှိမှာ တာ့ပလွိုင် က ဥက္ကဌအဖြစ်နဲ့ ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင် မြို့အနီးမှာ အခြေစိုက်လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

တိုင်းရင်းသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF အပါအဝင်၊ တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့တွေမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။