UNHCR မဟာမင်းကြီး မောင်တော သွားရောက်
2017.07.03
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. filippo Grandi ဟာ ဒီနေ့ မောင်တောမြို့ကို သွားရောက်ခဲ့ပါတယ်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သီးသန့်တွေ့ဆုံမှုတွေပြုလုပ်ခဲ့သလို မောင်တောမြို့အခြေစိုက် UNHCR ဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။
ဒီနေ့ မောင်တောမြို့မှာပဲ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာ ကျီးကန်းပြင်၊ ငခူရ၊ ငါးစားကြူး ကျေးရွာတွေကို ဆက်လက်သွားရောက် လေ့လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. filippo Grandi ဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိလာ တာဖြစ်ပြီး မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ နိုင်ငံသားဖြစ်မှု ကိစ္စရပ်တွေကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ဆွေးနွေးခဲ့သလို စစ်တွေမြို့နယ် ဒါးပိုင်မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ မနက်ဖြန် ပြီးဆုံးမှာဖြစ်ပြီး နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။