ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး NCCT အဆိုပြုချက် တပ်မတော် ပယ်ချ


2014.09.23
upwc-ncct-sep23-305.jpg NCCT နဲ့ UPWC တို့ရဲ့ တစ်နိုင်ငံလုံးဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ဆက်လက်ကျင်းပစဉ်
Photo: Myo Zaw Ko

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး" အချက်ကို တပ်မတော်ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့ အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန်ထက်စောပြီး ရပ်ဆိုင်းလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုင်နိုင်ဖို့ NCCT ခေါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲခဲ့တာတွေနဲ့ ပတ်သက်ပြီး  တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

"ဒီနေ့ မပြေလည်လို့ အစောကြီးနားလိုက်တာပါ၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စနဲ့ သူတို့ဖက်က လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေး၊ ကျနော်တို့ဖက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အဲဒီ့ကိစ္စ နည်းနည်း သဘောမတူညီနိုင်ဘူး၊ အများကြီးတော့ မဟုတ်ပါဘူး၊ တပ်ကိစ္စပါဝင်တာပေ့ါဗျာ၊ တပ်သားသစ် မစုဆောင်းရေး ဆိုတဲ့ သူတို့ဖက်ကချတဲ့သဘောထားမှာ ကျနော်တို့ဖက်က သဘောမတူညီနိုင်ဘူး၊ သူတို့ကတော့ ဒီအတိုင်းပဲ အထက်ကချထားတဲ့မူအရပေါ့ဗျာ၊ ဒါကိုလည်း သူတို့ဆက်ပြီးတော့ထားတာပေါ့"

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးနောက် ရရှိလာမယ့် သဘောတူညီချက်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြမယ့်ပုံစံနဲ့ ပတ်သက်ပြီးလည်း သဘောတူညီမှုမရခဲ့ကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပြီးတဲ့နောက် ရလာတဲ့သဘောတူညီချက်ကို ကျနော်တို့ဖက်က ပုံမှန် အရပေါ့ဗျာ လွှတ်တော်ကို တင်ပြပြီးတော့မှ အသိအမှတ်ပြုတာ၊ အဲ့ဒါကို ရေးသားပုံ၊ ရေးသားနည်းနဲ့ အဓိပ္ပာယ်ဖော်မှုပေါ့ဗျာ အစိုးရဖက်က တင်ပြတာကတော့ ဒါကို လွှတ်တော်ကို တင်ပြရုံပဲပေ့ါဗျာ၊ ဒါအတည်ပြုတဲ့ စာတမ်းကိုမထည့်နဲ့ တကယ်လို့ အတည်ပြုရမယ်ဆိုရင် လွှတ်တော်အနေနဲ့ ဒါကိုပြန်စိစစ်ရမယ်၊ သုံးသပ်ရမယ်၊ အချင်းချင်းညှိနှိုင်းပြီးတော့မှ ဆုံးဖြတ်ရမယ်ဆိုတဲ့ သဘောထားမျိုးပေးတာပေါ့ဗျာ"

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ ကျန်နေသေးတဲ့ အချက် ၅ ချက်ကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန်မှာ ဆက်လက်ကျင်းပ သွားမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။