UPWCနဲ့ RCSS ချင်းမိုင်မှာ တွေ့ဆုံ


2015.05.30
rcss-uaungmin-620.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုဗိုလ်ချုပ် ကြီး ယွက်ဆစ်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝန်ကြီး ဦးအောင်မင်းတို့ ဇန်နဝါရီလ ၃ဝ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံကြစဉ်
photo: Aung Moe Myint/RFA

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အပါအဝင် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး UPWC အဖွဲ့ဝင် ဦးလှမောင်ရွှေ က RFA ကို အခုလို ပြောဆိုပါတယ်။

"ဒီ RCSS ကလည်း လက်မှတ်ရေးထိုးထားတဲ့ ၁၄ ဖွဲ့ထဲမှာ တစ်ဖွဲ့ပါတယ်၊ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ နောက် NCA လက်မှတ်ရေး ထိုးနိုင်မယ့် ကိစ္စရယ်၊ နောက်ပိုင်း မှာ ဆောင်ရွက်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာကိစ္စတွေကို သူ့ကိုလည်းရှင်းပြတယ်၊ အပြန်အလှန်သူ နဲ့ ဆွေးနွေးပြီးတော့ ၂ နာရီနီးပါးလောက်ကြာတဲ့ ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တာပေါ့"

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ထိပ်သီး ခေါင်းဆောင်တွေ ကျင်းပမယ့် လောခီးလာ ညီလာခံကို တက်ရောက်ဖို့လည်း UPWC က RCSS အဖွဲ့ ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် အနေနဲ့လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိ RCSS အဖွဲ့ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့ အဆင် သင့်ရှိနေကြောင်း UPWC အဖွဲ့ကို ပြန်တင်ပြ ဆွေးနွေးခဲ့တယ်လို့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က ပြောပါတယ်။

"ကျနော်တို့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးကို ထောက်ခံပြီးတော့ ကျနော်တို့ ကတိတွေပြုခဲ့ပြီးပြီ၊ လက်မှတ်လည်း ထိုးခဲ့ပြီးပြီဆိုတော့ အစိုးရအနေ နဲ့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စကြီးကို ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပါဝင်သွားဖို့ ကျနော်တို့ အဆင်သင့်ဖြစ်ကြောင်း ကျနော်တို့ ဥက္ကဌကြီးကနေ အကြောင်းပြန်ကြားပါတယ်"

RCSS အဖွဲ့အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အမြန်ဆုံး လိုလားနေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အဆင့်လိုက် ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် က ဆွေးနွေးခဲ့တယ် လို့သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့ဟာ မနေ့ ညနေပိုင်းက KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားပေမဲ့၊ အကြောင်း အမျိုးမျိုးကြောင့် မတွေ့ဆုံနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့ဟာ ဒီနေ့ မနက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာ မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။