မြန်မာအစိုးရ အချိန်မီပြင်ဖို့ ကန် သံအမတ်ကြီးဟောင်း ပြောကြား


2017.03.30
derek-mitchell-620.jpg အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ဒဲရက် မစ်ချယ်က ဂျပန်နိုင်ငံထုတ် Nikkei Asian Review နစ်ကေးအေးရှင်းရီဗြူး စာစောင်မှာ မြန်မာအစိုးရအပေါ် ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ် မတ်လ ၃ဝ ရက်နေ့စွဲနဲ့ ရေးသားထားပါတယ်။

သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ အခက်အခဲတွေ အများကြီးရင်ဆိုင်ရမယ်ဆိုတာ သူကြိုတင်မြင်ခဲ့ကြောင်း၊ အာဏာရှင်အစိုးရ ဆန့်ကျင်ရေးနဲ့ အစိုးရတရပ်ကို တာဝန်ယူနိုင်ရေးဆိုတာ ကျွမ်းကျင်မှုလိုအပ်ချက်ချင်းမတူတဲ့ လုပ်ငန်းတွေဖြစ်ကြောင်း၊ မြန်မာနိုင်ငံလို ကွဲပြားခြားနားပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ ငြိမ်းချမ်းရေးအဓွန့်ရှည်ပြီး ညီညွတ်ရေးရဖို့ဆိုတာလည်း လွယ်ကူတဲ့ လုပ်ငန်းမဟုတ်ကြောင်း ရေးသားထားပါတယ်။

တဆက်တည်းမှာပဲ နှစ် ၅ဝ လောက်စိုးမိုးခဲ့တဲ့ တပ်မတော်ကို ရွေးကောက်ပွဲတစ်ခု အနိုင်ရရုံနဲ့ ဖယ်ရှားဖို့ မဖြစ်နိုင်ကြောင်း၊ အရေးကြီးဆုံး ပြဿနာကတော့ ဖွဲ့စည်းပုံအရ စစ်တပ်ကို အရပ်သား အစိုးရက သြဇာပေးလို့ မရတဲ့အတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေးနဲ့ နိုင်ငံတော်လုံခြုံရေးစတဲ့ ကိစ္စတွေမှာ NLD အစိုးရက စစ်တပ်ကို ထိန်းချုပ်နိုင်မှာလားဆိုတာ မေးခွန်းဖြစ်လာခဲ့ကြောင်း သူကပြောပါတယ်။

ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် မဟာဗျူဟာတွေ ချမှတ်ရမှာဟာ NLD ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ကြောင်း၊ အခက်အခဲတွေ ရှိတာမှန်ပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ သူတို့ပါတီရဲ့ အောင်မြင်မှုကို ထိထိရောက်ရောက် အသုံးချနိုင် ခဲ့ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ တကယ်တော့ အာဏာရ အစိုးရတခုအတွက် ပထမဦးဆုံးနှစ် ဆိုတာဟာ ရှုမြင်သုံးသပ်မှုတွေချမှတ်၊ နိုင်ငံရေးမဟာမိတ်တွေတည်ဆောက်ပြီး အနာဂတ်လမ်းကြောင်း ချမှတ်ဖို့ အကောင်းဆုံးနှစ်ဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက သူမြန်မာပြည်ကို သွားရောက်ခဲ့ရာမှာတော့ NLD ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာတွေနဲ့ စိုးရိမ်ဖွယ်ရာတွေကို ကြုံတွေ့ခဲ့ရကြောင်း၊ အဲဒီစိုးရိမ်ဖွယ်ရာတွေထဲမှာ အရေးပါတဲ့ဝန်ကြီးနေရာတွေကို အရည်အချင်း မရှိသူတွေခန့် ထားခြင်း၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ မူဝါဒကင်းမဲ့ခြင်း၊ ပြဿနာကြီးငယ်မှန်သမျှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုံးဖြတ်ရတဲ့အထိ အုပ်ချုပ်ရေးညံ့ဖျင်းခြင်းတွေ ပါဝင်တယ်လို့ သံအမတ်ကြီးဟောင်း ဒဲရက် မစ်ချယ်က ရေးသားထားပါတယ်။

ဒ့ါအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှေးကွေးနေကြောင်း၊ စစ်တပ်အပေါ် NLD က သြဇာမရှိဘူးဆိုတာ သိရှိပေမယ့်လည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်က ထုတ်ဖေါ်ပြောဆိုခြင်း မရှိတာကတော့ အံ့သြစရာဖြစ်တယ်လို့ တိုင်းရင်းသားတွေက ပြောဆို ကြကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာလည်း NLD အစိုးရဟာ ရိုဟင်ဂျာတွေ နှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းရာမှာ အပြောနဲ့ အလုပ်မညီဘူးလို့ ယုံကြည်နေကြကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

NLD အစိုးရ အနေနဲ့ မိတ်ဆွေကောင်းတွေရဲ့ အကြံပေးစကားတွေကို အလေးအနက် ထည့်သွင်းစဉ်းစား သင့်ကြောင်း၊ ပြဿနာတွေကို တည တခဏနဲ့ ဖြေရှင်းဖို့ မည်သူကမျှ မျှော်လင့်မထားကြောင်း ဒါပေမဲ့  အဲဒီ အခက်အခဲတွေကို အစိုးရတရပ်အနေနဲ့ မလွဲမသွေ ဖြေရှင်းရမှာဖြစ်ကြောင်း၊ NLD အနေနဲ့ ခေါင်းဆောင်မှု ကို ပြသနိုင်ခြင်း မရှိဘူးဆိုရင် ပြုပြင်ပြောင်းလဲရေး မလိုလားတဲ့ အဖျက်သမားတွေက အနိုင်ရသွားနိုင်ကြောင်း၊ NLD အစိုးရကို အားလုံးက ကူညီလိုပါကြောင်း၊ မဟာမိတ်အင်အားစုတွေကို စုစည်းတည်ဆောက်ဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်းနဲ့ အခွင့်အရေးတွေ မြန်မြန်ဆန်ဆန် ဆုံးရှုံးသွားနိုင်ကြောင်း စသဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရက် မစ်ချယ်က ရေးသားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။