ဆန္ဒပြသူတွေ အမြန်ဆုံးလွှတ်ဖို့ အမေရိကန် တောင်းဆို


2015.03.30

အမေရိကန်အစိုးရက မြန်မာအစိုးရအနေနဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးပြီး ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း မနေ့က ထုတ်ဖေါ် ပြောကြားကာ အဲဒီသူတွေကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေအဖြစ် ထုတ်ဖေါ်ပြောဆိုထားတဲ့ ရပ်ရွာအေးချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတို့ကို ရရှိဖို့အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ တရားဥပဒေစိုးမိုးရေးတွေ မရှိမဖြစ်လိုအပ်ကြောင်းနဲ့  မတ်လ ၅ ရက်နဲ့ ၁ဝ ရက်နေ့ တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို အင်အားအလွန်အကျွံသုံးစွဲပြီး အကြမ်းဖက် နှိမ်နှင်းခဲ့မှုတွေအတွက် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် စုံစမ်းအပြစ်ပေးဖို့ အလေးအနက် တိုက်တွန်းကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း နာမည်ကျော် အမေရိကန်အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် အမတ် Mrs. Nancy Pelosi ဦးဆောင်တဲ့ လွတ်တော်ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း အစရှိတဲ့ အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိနေစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလို ကြေညာချက် ပေါ်ထွက် လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။