ကျောင်းသားသပိတ်ဖြိုခွဲမှု ဥရောပနဲ့ အမေရိကန် ပြစ်တင်


2015.03.10
letpadan-students-crackdown-305.jpg လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြစဉ်
Photo: Aung Ko Ko/RFA

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က မနေ့က အင်အားသုံးဖြိုခွဲခဲ့ပြီး၊ ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့တာဟာ အရင်စစ်အစိုးရလက်ထက်က ဖိနှိပ်တဲ့အခြေအနေတွေဆီ ပြန်လှည့်သွားတော့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြစရာတွေ ဖြစ်လာနေတယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့က ပြစ်တင်ဝေဖန်ပြောဆိုလိုက် ပါတယ်။

ဒါ့ပြင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့  လွတ်လပ်စွာ စုဝေးခွင့်တွေကို လူ့အခြေခံရပိုင်ခွင့်တွေအဖြစ် သတ်မှတ်ထားတာကြောင့်၊ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးဖြေ ရှင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားဝင်စုံစမ်းစစ်ဆေးပေး ဖို့လည်း နိုင်ငံ၂၈ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က EU ဥရောပသမဂ္ဂဟာ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်နိုင်ရေး လေ့ကျင့်သင်တန်းပေးဖို့ ယူရိုငွေ ၁၀ သန်း ကုန်ကျတဲ့ အစီအစဉ်တစ်ရပ် စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရဲတွေကို လေ့ကျင့်သင်တန်းပေးဖို့ အစိုးရကရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါ ပန်ကြားခဲ့တဲ့အတွက် စီစဉ်ခဲ့တာလို့ အီးယူက ဆိုပါတယ်။ အီးယူအနေနဲ့ ရဲတပ်ဖွဲ့ဝင် မဟုတ်သူတွေကို သင်တန်းမပေးခဲ့သလို၊ အခုလို လက်ပံတန်းနဲ့ ရန်ကုန်မြို့တော်ခန်းမ အခြေအနေမျိုးမှာ လေ့ကျင့်သင်တန်းပေးထားတဲ့ ရဲတွေကိုသာအသုံးပြုဖို့ အရေးကြီးကြောင်း အထူးပြုပြောဆိုပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံ အဓိကရုဏ်းဖြေရှင်းရေး ရဲတပ်ဖွဲ့ကို အီးယူက စတင် လေ့ကျင့်သင်တန်းပေးခဲ့ကတည်း က တိုးတက်မှုတွေရှိခဲ့တာတွေ့ရပါတယ်၊ ဒါပေမဲ့ ဒီကိစ္စအပေါ် မတူကွဲပြားတဲ့ အမြင်တွေလည်းရှိပါ တယ်၊ အပြောင်းအလဲဆိုတာ ညတွင်းချင်း ဖြစ်လာတာမဟုတ်ပါဘူး၊ လူတွေရဲ့ စိတ်အခံတွေပြောင်းလဲဖို့ လိုအပ်ပါတယ်၊ အခုဖြစ်ရပ်တွေဟာ စစ်တပ်လွှမ်းမိုးတဲ့ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြသနေပါတယ်လို့ အီးယူရဲ့ကြေညာချက်မှာ ဖေါ်ပြပါရှိပါတယ်။

ရန်ကုန် ဗြိတိသျှသံရုံးကလည်း မြန်မာရဲတပ်ဖွဲ့ အင်အားသုံးဖြေရှင်းခဲ့တဲ့အပေါ် အထူးစိုးရိမ်ကြောင်း Facebook စာမျက်နှာမှာ ဖော်ပြထားပြီး၊ ဆန္ဒပြတာတွေကိုဖြေရှင်းရာမှာ ရဲမဟုတ်သူတွေကိုပါ အသုံးပြုခဲ့တာဟာ ရဲလုပ်ထုံးလုပ်နည်းကို ထိခိုက်နှောင့်ယှက်မှု ဖြစ်စေတယ်လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။

Amnesty International နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲက အင်အားသုံးဖြိုခွဲနေတာတွေ ချက်ခြင်းရပ်ဖို့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ကျောင်းသားဆန္ဒပြပွဲတွေကို ရဲက အကြမ်းဖက်နှိမ်နင်းခဲ့အပေါ် အမေရိကန် ပြည်ထောင်စုကလည်း ရှုတ်ချလိုက်ပြီး၊ ငြိမ်းချမ်းစွာစုဝေးခွင့်အပေါ် လေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွဲခဲ့ရာမှာ ၁၂၇ ယောက် ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အခုလို ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့နဲ့ တခြားလူပုဂ္ဂိုလ်တွေက အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတဲ့ သကင်းတွေ ကြားသိရတဲ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး ဂျင်းဆာကီက ပြောပါတယ်။ ဆန္ဒပြသူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖေါ်ပြသနိုင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်းစုဝေးခွင့်ကို သုံးစွဲတဲ့အပေါ်လေးစားသမှုရှိဖို့ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းပါတယ်၊ ဒီမိုကရေစီလူ့ဘောင်တစ်ရပ်မှာ လွတ်လပ်စွာစုဝေးခွင့်ဟာ အရေးကြီးပါတယ်၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေ အပေါ် အင်အားသုံးတာကို ရှုတ်ချပါတယ်လို့ ပြောကြားခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ် လွှတ်တော်အမတ် Joe Crowley နဲ့ ရီပါဘလီကင် လွှတ်တော်အမတ် Steve Chabot တို့ကလည်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ အမြန်ဆုံးရပ်ဆိုင်းပြီး၊ ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားတွေ၊ သတင်းထောက်တွေနဲ့ သံဃာတော်တွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ကြေညာချက် ထပ်မံထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။