ရမည်းသင်း USDP ကိုယ်စားလှယ်ကို NLD ကိုယ်စားလှယ်က အမှုဖွင့်


2015.11.27

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရရှိခဲ့တဲ့ မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကို မဲဆွယ်စည်းရုံးရာမှာ ဘာသာရေးကိုအသုံးပြုပြီး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့ရင် တိုင်းပြည်ကို ဘာသာခြားတွေ လွှမ်းမိုးသွားမယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁ဝ ရက်နေ့က ဝန်ကြီး ဦးကျော်မြင့်က မဲဆွယ်စည်းရုံးရာမှာ ပြောဆိုခဲ့တာကြောင့် တရားစွဲတာဖြစ်တယ်လို့ NLD ပါတီရဲ့ ရမည်းသင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး က ပြောပါတယ်။

"ဦးကျော်မြင့်ရယ် ဦးကိုကိုနိုင်ရယ်ပေါ့ ပြည်ခိုင်ဖြိုးကပဲ၊ သူတို့ဟောပြောပွဲလာကြတယ် လာကြတဲ့အခါကျတော့ အဲ့ဒီ ခင်သာကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာပေါ့ သူတို့ဟောကြတယ်၊ ဟောတဲ့အထဲမှာ မျိုးစောင့်ဥပဒေကို NLD ကလွှတ်တော်မှာ ကန့်ကွက်ခဲ့တယ်ပေါ့လေ၊ လွှတ်တော်ထဲမှာ ကန့်ကွက်တဲ့ ၃၄ ဦးက NLD ကပေါ့လေ၊ ကျန်တာတွေက အကုန်လုံး ၂ဝဝ ကျော်က ထောက်ခံတဲ့အတွက် မျိုးစောင့်ဥပဒေက အတည်ဖြစ်သွားတယ်ပေါ့၊ NLD တကယ်လို့များ နိုင်သွားရင် မျိုးစောင့်ဥပဒေသည် NLD  ကပြန်ပြီးတော့ ဖျက်သိမ်းပစ်မယ်ပေါ့လေ၊ အဲ့လိုမျိုးသူတို့က ရွာကလူတွေကိုဟောတယ်ပေါ့၊ အဲ့ဒီမျိုးစောင့်ဥပဒေသာ ဖျက်သိမ်း လိုက်တယ်ဆိုရင် ခင်ဗျားတို့ကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာမိန်းကလေးတွေ သူတို့ဘာသာခြားတွေက လွှမ်းမိုး သွားမယ်တို့၊ ရွာတွေမှာ ဗလီတွေဆောက်မယ်တို့၊ နောက်ဘင်္ဂါလီတွေကို မှတ်ပုံတင်တွေ ထုတ်ပေးလိမ့်မယ်တို့ ဒါမျိုးတွေထည့်ပြောသွားတယ်၊ ဟောတဲ့အတွက် ကျနော်က ပုဒ်မ ၅၈(ဂ)နဲ့ ငြိစွန်းတဲ့လုပ်ရပ်ကို သူလုပ်သွား တယ်ဆိုတဲ့ဟာကို ထောက်ပြပြီးတော့ တရားစွဲတာပါ"

အဲ့ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး NLD ပါတီဘက်က တင်ပြထားတဲ့ သက်သေ ၆ ဦးကို ရွာတန်းရဲစခန်းက ခေါ်ယူ စစ်ဆေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် NLD ပါတီဘက်က ထွက်ဆိုခဲ့တဲ့ သက်သေ ၆ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခြိမ်းခြောက် တာတွေ ရှိနေတဲ့အတွက် နိုင်ငံတော်သမ္မတ၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီတို့ထံ စာပေးပို့တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပျော်ဘွယ်မြို့နယ်နဲ့ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။