မျိုးစောင့် ဥပဒေကြမ်း များ ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်ကို သမ္မတအသိပေး


2014.03.07
ushweman-305.jpg ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲဖို့အတွက် ဥပဒေပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူတွေပါဝင် တဲ့ ကော်မရှင်ဖွဲ့စည်းပြီး ရေးဆွဲသွားမယ့် အကြောင်း ကြားစာကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ ပေးပို့ လိုက်ပါတယ်။

သမ္မတပေးပို့ထားတဲ့ အကြောင်းကြားစာ ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အခုလို ဖတ်ကြား တင်ပြခဲ့ပါတယ်။

"သာသနာရေးဝန်ကြီးဌာနဲ့ လူဝန်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့နဲ့ ဆက်စပ်သက်ဆိုင်နေသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကို အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပြည်ပရှိ ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူများ ပါဝင်သည့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေးဆွဲမည်ဖြစ်ပါသည်၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ဆက်နွယ်သက်ဆိုင်သဖြင့် ယင်းကတာဝန်ယူရေးဆွဲ ရန်ဖြစ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်ဆက် သွယ် ဆောင်ရွက်နိုင်ရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်ကြားပါတယ်"

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆို ထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက ဥပဒေမူကြမ်းတွေ အရင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စိစစ်ချက်နဲ့ ပြန်လည်တင်ပြဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်း ၄ ခုထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဒီနေ့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။