နောက်ဆုံးမဲစာရင်း စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်မည်


2015.09.01
voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးက မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့်စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့ကြောင်း အဲဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေ က ပြောပါတယ်။

"၂ဝ၁၅ အစလောက်ကတည်းက ကပ်လာတာ ဒါကတော့ နောက်ဆုံးပဲ၊ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း လာကြည့်ပြီးတော့ မပါဘူးထပ်ဖြည့်မယ် ပုံစံနဲ့ အမှားတွေပယ်မယ် စသဖြင့်လုပ်မယ်၊ ကော်မရှင် အနေနဲ့ လူတစ်ယောက်ရဲ့မဲပေးခွင့် မဆုံးရံှူးနိုင်တောင် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြံဖန်ဆောင်ရွက်နေတယ်"

မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သီတင်နှစ်ပတ်ကြာကပ်ထားမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မဲစာရင်းဟာ နောက်ဆုံးအကြိမ် ထုတ်ပြန်တာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ နံမည်မပါရင် ပုံစံ(၃) နဲ့ ဖြည့်ဖို့ ၊ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်ဖို့ ၊ သေဆုံးသူ နာမည်တွေပါနေရင် ပုံစံ ၄ တို့နဲ့ ပယ်ဖျက်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မကွေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ရေဘေးသင့်ဒေသက မဲဆန္ဒရှင်တွေ မဲစာရင်းကြည့်နိုင်ဖို့ အတွက် သီတင်နှစ်ပတ်ထက်ကျော်ပြီး လုံလောက်တဲ့အချိန်ပေးထားဦးမှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။