ငြိမ်းချမ်းရေးအတွက် လမ်းသစ်ဖောက်ဖို့ ဝခေါင်းဆောင် တိုက်တွန်း


2017.02.23
paukuchan-wa-620.jpg ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ကို တွေ့ရစဉ်
.

မြန်မာပြည် မြောက်ပိုင်းနယ်စပ်ဒေသက တိုက်ပွဲတွေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေပြီး၊ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ခြိမ်းခြောက်နေပြီလို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယူချမ်းက ဒီရက်ပိုင်းပန်းခမ်းမှာကျင်းပနေတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီလာခံမှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အစိုးရက အပစ်ရပ်စာချုပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လက်မှတ်ထိုးကြဖို့ ကြိုးပမ်းနေသလို၊ တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးအတွက် လမ်းသစ်တခုဖောက်ပြီး လျှောက်ရမယ်လို့ ဝတိုင်းရင်း သားခေါင်းဆောင် ပေါက်ယူချမ်း က တိုက်တွန်းပြောဆိုပါတယ်။

အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ စာချုပ်ကိုလက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံမှာပါဝင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း မြောက်ပိုင်းစစ်မျက်နှာပြင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး၊ ဒေသခံပြည် သူ နှစ်သောင်းကျော် နေရပ်စွန့်ထွက်ပြေးနေရပြီး၊ ဒါဟာ နောက်လမှာကျင်းပဖို့ စီစဉ်နေတဲ့ ဒုတိယ အကြိမ်မြောက်၂၁ ရာစု ပင်လုံ ညီလာခံကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေဟာ အရင်ကထက်ပိုပြီး ပြင်းထန်လာနေတယ်လို့လည်း ဝတိုင်းရင်းသားခေါင်းဆောင် ပေါက်ယူချန်းက ပန်ခန်းညီလာခံမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ ညီလာခံမှာ တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်အယောက် ၄၀ လောက် တက်ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။