သဘာဝဘေးသင့်သူတွေ ကို ငွေကျပ်သန်း ၉၉ဝဝ ကျော် ထောက်ပံ့ထား


2017.03.22
dr-winmyataye-620.jpg လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တစ်နှစ်အတွင်း သဘာဝဘေးဒဏ်ခံရ သူတွေအတွက် ငွေကျပ်သန်းပေါင်း ၉၉၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

ဝန်ကြီးဌာနအလိုက် တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေကို ပြည်သူလူထုထံ အသိပေးပြောကြားတဲ့ အစီအစဉ်ထုတ်လွှင့်ချက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီထောက်ပံ့မှုမှာ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကျပ်သန်း ၇ထောင်ကျော်နဲ့ ဝန်ကြီးဌာန ရဲ့ ဘတ်ဂျက်ရန်ပုံငွေထဲက ကျပ်သန်း ၂၅၀၀ ကျော် သုံးစွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ သဘာဝဘေးဖြစ်ပွားမှု သတင်းအချက်အလက်တွေကို အလျင်အမြန်ရရှိဖို့နဲ့ ကြိုတင် သတိပေးဖို့ ဆောင်ရွက်နေသလို သဘာဝဘေး ကျရောက်လာရင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ၊ ဖောင်ဒေးရှင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် နည်းလမ်းတွေကိုလည်း စီစဉ်ထားတယ်လို့ ပါရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ သောက်သုံးရေရှားပါးမှု၊ မိုးကြီးပြီး မြေပြိုကျမှု၊ ငလျင်ဖြစ်ပွားမှု စတဲ့ သဘာဝဘေးဒဏ်တွေ အတော်ဖြစ်ပွားခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အလုပ်များခဲ့တဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ခဲ့ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အစိုးရဝန်ကြီးဌာနအားလုံးပေါင်း ဘဏ္ဍာငွေရဲ့ ဝ.၀၉ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝ.၂၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။