ဦးဝင်းထိန် အနားယူတယ်ဆိုတာ မဟုတ်ကြောင်း NLD ပြော


2018.01.14
winhtein-622 ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် ပါတီတာဝန်က အနားယူသွားပြီဆိုတာ နဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တရားဝင် အကြောင်းကြားတာ မရှိတဲ့အတွက် မသိရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် အနားယူသွား ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တရားဝင် သိထားတာမရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဲဒီသတင်းထဲမှာပါတဲ့ဟာ ကျနော်တို့ CEC ကို ဘာမှ တရားဝင် မရောက်ဘူး ၊ တရားဝင် ဘာမှမရှိဘူး၊ ဟုတ်တယ် အဲဒါတွေ ကျနော်တို့လုံးဝမသိဘူးဗျ၊ CEC မှာဆုံးဖြတ်ရမှာပေါ့ သူက ပါတီကကို"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ဦးဝင်းထိန်ရဲ့ သား မင်္ဂလာဆောင်ပွဲကို နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနဲ့ NLD ပါတီ က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို အဲဒီလို ခမ်းခမ်းနားနား ကျင်းပတဲ့ အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အမှတ်တရ မင်္ဂလာစကားပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး သိပ်မနှစ်သက်တဲ့ သဘောမျိုးပြောခဲ့တာကို တွေ့ရကြောင်း မင်္ဂလာပွဲတက်ရောက် သူတချို့ရဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

မင်္ဂလာပွဲအပြီးနောက်ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်တို့ တွေ့ဆုံခဲ့ကြတာ ရှိသလို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သြစတြေးလျနိုင်ငံကို ဦးဝင်းထိန် ခေတ္တဆေးဝါး ကုသမူခံယူဖို့ သွားရောက်မယ် ဆိုတဲ့ သတင်းတွေကြောင့် ပါတီရဲ့ အရေးကြီးတာဝန်တွေကနေ အနားပေးခံလိုက်ရပြီလားဆိုပြီး လူတွေကြားမှာ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူပြောတာက ဦးဝင်းထိန် ပါတီကနေ အနားယူတာ မဟုတ်သလို ပါတီမှာလည်း မူလရာထူးတာဝန်အတိုင်း မပြောင်းလဲပဲရှိနေပါတယ်လို့  ဆိုပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးအောင်စိုးက အခုပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေလိုမဟုတ်ဘဲ သူရဲ့ မိသားစုဝင်တွေရှိတဲ့ သြစတြေးလျနိုင်ငံကို ခေတ္တသွားရောက်တာဖြစ်ပြီး တစ်လကြာနေမယ် ဆိုတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။