ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးဖို့ ဦးဝင်းမြင့် တိုက်တွန်း


2017.11.14
winmyint-622.jpg ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို တွေ့ရစဉ်
Photo: Pyithu Hluttaw/ Facebook

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့လာကြည့်ရှု စစ်ဆေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့ နိုင်ငံတဝှမ်းက အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို Third Party စနစ် မှန်ကန်စွာကျင့်သုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်တွေ ဆွေးနွေးအတည်ပြု ပြီးနောက် ဦးဝင်းမြင့်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

"ဒါဟာ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဆောက်လုပ်တာဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ဆောက်တာ ဖြစ်တဲ့အခါကျတော့ ပြည်သူ့ကိုယ်စားလှယ်တွေမှာ တာဝန်ရှိပါတယ်။ အဲတော့ ကျနော်တို့ ကိုယ်စားလှယ်တွေမှာလည်း အနည်းနဲ့အများတော့ အင်ဂျင်နီယာဘွဲ့ရမှ မဟုတ်ပါဘူး။ Parliamentary oversight အရ ကြည့်လို့ရတာတွေ ရှိပါတယ်။ ဈေးနှုန်းမှန်လား မမှန်လား။ သုံးတဲ့နေရာမှာ ပစ္စည်းအမျိုးအစား မှန်လားမမှန်လား။ ဒီအခြေခံ ဗဟုသုတလေးတွေဟာ အင်ဂျင်နီယာဘွဲ့ရမှ မဟုတ်ပါဘူး။ အခု ပန်းရန်တွေလုပ်နေတာ အင်ဂျင်နီယာဘွဲ့ရလို့ ပန်းရံလုပ်နေတာမဟုတ်ပါဘူး။ အဲဒီအခြေခံ ပန်းရန် ဗဟုသုတ၊ လက်သမားဗဟုသုတရှိရင်တောင် စစ်ဆေးလို့ရပါတယ်။ ကြည့်လို့ရပါတယ်။ ကြည့်စေချင် ပါတယ်။ Third party မျက်နှာလွှဲထားပြီးတော့ မကြည့်ဘူးဆို နောက်တခါ Fourth party ထပ်လိုက်ရမယ်"

စီမံကိန်းတွေအတွက် လွှတ်တော်က ဘတ်ဂျက်တွေ အတည်ပြုပေးပြီးနောက် အကောင်အထည်ဖော်တဲ့အခါ အရည်အသွေးမမီမှုတွေ ဖြစ်ပေါ်လာရင် လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိကြောင်းလည်း သတိပေးခဲ့ ပါတယ်။

ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှင်းလင်း ပြီးနောက် ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။