စာရေးဆရာထင်လင်းဦးအမှု ကျူးလွန်ခဲ့တာနဲ့ အရေးယူခံရတာ ကိုက်ညီမှုမရှိ


2014.12.18
uhtinlinoo-305.jpg စာရေးဆရာ ဦးထင်လင်းဦးကို မုံရွာ အကျဉ်းထောင်သို့ ပို့ဆောင်စဉ်။
Photo: Kyaw Moe Hlaing facebook

သာသနာ ညိုနွမ်းစေမှုပုဒ်မနဲ့ အရေးယူခံထားရတဲ့ စာရေးဆရာ ထင်လင်းဦး နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တာနဲ့ အရေးယူခံရတာဟာ ကိုက်ညီမှုမရှိဘူးလို့  NLD ပြောရေး ဆိုခွင့်ရှိသူ ဦိးဉာဏ်ဝင်းကပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု နဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာညှိုးနွမ်းစေမှုနဲ့  ပုဒ်မ ၂၉၈ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတွေနဲ့ အရေးယူတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ခုလိုပြော ပါတယ်။

" သူကအမူအရာ ပြောအဆိုတွေမှာမှားတယ်၊ ဒါပေမယ့် သူပြောကြားချက်တွေအရ ဒီပြစ်မှုတော့ မမြောက်ဘူးလို့ ကျနော်ယူဆတယ်၊ သူပြောတာက ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်အောင်ပြော တဲ့ဟာ မဟုတ်ဘူး၊ သူပြောတဲ့ အချက် အလက်တွေ က သဘာဝတော့ကျပါတယ်၊ သို့သော်ပြောပုံပြောနည်း နဲ့ တင်ပြပုံ တင်ပြနည်းကတော့ မကောင်းဘူးပေါ့"

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီအနေနဲ့ကတော့ ဦးထင်လင်းဦးကို ပါတီပြန်ကြားရေးအဖွဲ့ကနေ ထုတ်ပယ်အရေးယူထား တယ်လို့ ဆိုပါတယ်။ဒီဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး ဦးထင်လင်းဦးက မဘသ ဥက္ကဌထံဝန်ချ တောင်းပန်ခဲ့တယ်လို့ ဦးထင် လင်းဦးရဲ့ဇနီး ဒေါ်စောစန္ဒာက ပြောပါတယ်။

" သွားပြီးတော့လဲ ဝန်ချတောင်းပန်ထားပါတယ်၊ ဒီမဘသ ဆရာတော်ကြီးက ဥက္ကဌလေ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကိုလဲ သွားပြီးတော့တောင်းပန်ထားပါတယ်ရှင့်၊ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ဘာသာ တရားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဆရာတော်၊ သံဃာတွေကို ကိုယ်ကကြည်ညိုရမှာ၊ မှားတာကိုလဲ ဝန်ချတောင်းပန်ရမှာ ဝန်လေးစရာမရှိပါဘူး"

လက်ရှိအနေနဲ့ ချောင်းဦးမြို့နယ် တရားရုံးက အယူခံပယ်ချထားတာကြောင့် ဦးထင်လင်းဦးကို မုံရွာထောင်မှာချုပ်နှောင် ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။