သိန်းပေါင်း ၆ သောင်းကျော်ရှိတဲ့ WY ဆေးပြားတွေ ရှမ်းပြည်နယ်မှာ ဖမ်းမိ


2017.02.26
wy-620.jpg WY စိတ်ကြွမူးယစ်ဆေးပြားတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နဲ့ ညောင်ရွှေမြို့ကြားမှာ ခြောက်ဘီးယာဉ်တစ်စီးပေါ်ကနေ WY စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် သိန်း ၆၀ ကျော်ကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး နောက်ဆက်တွဲ အမှုနဲ့ပတ်သက်သူတွေကို ဖမ်းမိရေးဆောင် ရွက်နေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။

"ကျနော်တို့ဟဲဟိုးနယ်မြေရဲစခန်းမှာတော့ အမှုစပြီးဖွင့်ထားပြီ။ တစ်ယောက်ကတော့ အေးသာယာတောင်ကြီး မှာနေတာ တစ်ယောက် နာမည်ကကျော်ထွန်းလှိုင် အသက် ၃၈ နှစ်ပေါ့။ နောက်တစ်ယောက်ကတော့ မင်္ဂလာဦးရပ်ကွက် တောင်ကြီးမှာနေတဲ့ စိုင်းသူရအောင်တဲ့ ၃၂ နှစ်ပေါ့။ ဆက်ပြီးတော့ ကွင်းဆက် ကတော့ ဖော်ထုတ်ဆဲပေါ့။ မူးယစ်ဆေးဝါးပုဒ်မကျတော့ ကျနော်တို့က ၁၅/၁၆/၁၉ နဲ့ဖွင့်ထားတာ "

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုးအရ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

ဟဲဟိုးမြို့နဲ့ ညောင်ရွှေမြို့ကြားက ဘဝသံသရာတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ၆ ဘီးယာဉ် တစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

WY ဆေးပြားတွေကို အဖြူရောင်ဆာလာအိတ် အလုံး ၃၀ နဲ့ နမ့်ဆန်မြို့နယ်ကနေ တင်ဆောင်လာတာ ဖြစ်ပြီး စစ်ဆေးချက်အရ အဲဒီဆေးပြားတွေကို မိတ္ထီလာမြို့ကတဆင့် ရန်ကုန်ကို ပို့ဆောင်ဖို့စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေရှိနေတယ်ဆိုတဲ့ ကြိုတင်သတင်းရရှိမှုတွေကြောင့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ နယ်မြေခံရဲနဲ့ မူးယစ်ရဲတပ်ဖွဲ့တို့က စုပေါင်းရှာဖွေခဲ့ရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။