မစ္စယန်ဟီးလီ နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်၊ ဒုသမ္မတတို့နဲ့ သီးခြား စီ တွေ့ဆုံ


2017.01.18
yangheelee-dassk-620.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office FB

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒီနေ့ မနက်က တွေ့ဆုံပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံပြီး မောင်တော အကြမ်းဖက်မှုတွေကို ဘယ်လိုနည်းစနစ်တွေသုံးပြီး စုံစမ်းစစ်ဆေးသလဲဆိုတာ ကို မေးမြန်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအိမ်တော်ရဲ့ ဒုသမ္မတ ဧည့်ခန်းမဆောင်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။

''ကျနော်တို့နဲ့ မောင်တောဒေသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြတာပေါ့၊ ကျနော်တို့ရဲ့ အစီရင်ခံစာ အပေါ်မှာပေါ့နော် သူပြောပြတာလည်း ရှိတယ်၊ နောက်တစ်ခုက ကျနော်တို့ စုံစမ်းစစ်ဆေးတဲ့အခါမှာ ဘယ်လို နည်းစနစ်တွေသုံးလဲဆိုတာ မေးတယ်''

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလဆန်းပိုင်းတွေက မောင်တောဒေသက ကျေးရွာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး ကြားဖြတ်အစီရင်ခံစာ ကိုလည်း တင်ပြပြီးဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မောင်တောဒေသ အကြမ်းဖက်ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ မောင်တောခရီးစဉ်အတွင်း ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ လုံခြုံရေးဝန်ထမ်းတွေနဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေကို လိုက်ပါခွင့်မပေးခဲ့ဘဲ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တေ့ွဆုံရာမှာ ရခိုင်ပြည်နယ် လုံခြုံရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ စွပ်စွဲပြောဆိုချက်တွေ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။