မစ္စယန်ဟီးလီ လှိုင်းဘွဲ့ သွားခွင့်မရ


2017.07.17
yangheelee-meet-kayin-govt-620.jpg ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ဇူလိုင်လ ၁၇ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံစဉ်
Photo: MOI Webportal Myanmar/ Facebook

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ကို လုံခြုံရေးအခြေအနေကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြည်နယ်အစိုးရအဖွဲ့က သွားခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ် ဝါးကုတ်တောကျေးရွာဟာ မြိုင်ကြီးငူအနားမှာ ရှိတာဖြစ်ပြီး လက်ရှိလုံခြုံရေး အခြေ အနေကြောင့် ပေးမသွားတာ ဖြစ်တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

"ဝါးကုတ်တောကျေးရွာက မြိုင်ကြီးငူ မရောက်ခင်နားလေးမှာ DKBA ခွဲထွက်အဖွဲ့တွေ ရှိနေသေးတော့ နိုင်ငံခြား ဧည့်သည်လာတယ်ဆိုပြီးတော့ ဟိုးအဝေးကနေပြီးတော့ သေနတ်နဲ့ နည်းနည်းပါး ပါး ဖောက်လိုက်တာပဲ ဖြစ်ဖြစ်၊ သို့တည်းမဟုတ် တည့်တည့်ကြီး ပစ်လိုက်တာပဲဖြစ်ဖြစ် ဖြစ်သွား ရင် ကျနော်တို့အစိုးရအဖွဲ့ ကာကွယ်ပြောဆိုရ အခက်အခဲရှိတယ်၊ လုံခြုံရေးယူရင်ရော မရဘူးလား ဆိုတော့ ဘယ်လိုယူထားစေကာမူ တစ်ယောက်စ၊ နှစ်ယောက်စ ချောင်းပြီးတော့ ပစ်ကြတဲ့ သဘောမျိုး ကမ္ဘာပေါ်မှာ IS တွေလုပ်တဲ့ပုံစံမျိုးလို လုပ်လိုက်ရင် မစ္စယန်ဟီးလီ ကို ကျနော်တို့က အားနာရတယ်လေ၊ ဒါ့ကြောင့် ကျနော်တို့က ပေးမသွားတာပါ"

မစ္စယန်ဟီးလီဟာ ဝါးကုတ်တောကျေးရွာမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအကြား ပြဿနာ အနည်းငယ်ရှိနေတာကို သွားရောက်စုံစမ်းချင် တာ ဖြစ်နိုင်တယ်လို့လည်း ဦးမင်းတင်ဝင်းက သူ့ထင်မြင်ချက်ကို ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ကရင်ပြည်နယ်ကို မနေ့က ရောက်ရှိလာပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အပြင် အရပ်ဖက် အဖွဲ့တွေနဲ့လည်း ဘားအံမြို့မှာ တွေ့ဆုံခဲ့ တာ ဖြစ်ပါတယ်။ ဒီနေ့မှာ လှိုင်းဘွဲ့မြို့ကို သွားရောက်ဖို့ မူလက စီစဉ်ထားပေမယ့် ပြည်နယ်အစိုးရအဖွဲ့က ခွင့်မပြုတာကြောင့် ရန်ကုန်မြို့ကို ပြန်သွားတယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီဟာ ဒီတကြိမ် မြန်မာနိုင်ငံကိုလာရောက်တာ ၆ ကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးအကြိမ် လာရောက်တာလည်း ဖြစ်သလို ကရင်ပြည်နယ်ကို သွားရောက်တာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ရှိ၊ မရှိ တေ့ွရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။