YBS ကိစ္စ လွှတ်တော်မှာ မေးမြန်း


2017.04.28
ybs-620.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: RFA

တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိ ကားအဟောင်းတွေကို ဖယ်ရှားပစ်ဖို့ ရှိ မရှိနဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ် ဘီလျံ ၇၀ ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ လွှတ်တော်အစည်းအဝေး မှာ မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တေ်ာအစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြုှပ်နှံဖို့အတွက် တိုင်းအစိုးရအဖွဲ့က ဧရာဝတီဘဏ်မှာ အပ်နှံထားတဲ့ ကျပ်ငွေ ဘီလျံ ၇၀ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်စန္ဒာမင်းက အခုလို ထည့်သွင်းမေးမြန်းတာ ဖြစ်ပါတယ်။

"ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံ ခဲ့တဲ့ ဘီလီယံ ၇ဝ ကို မည်သို့ရင်းနှီးမြှပ်နှံပြီး မည်သည့်လုပ်ငန်းရှင်များနှင့်တွဲဘက်၍ မည်သို့အကျိုး အမြတ် ခွဲယူမည်နည်းဆိုတာ သိချင်ပါတယ်၊ နောက်တစ်ချက်ကတော့ အရင်းတည်ကာလကိုလည်း အိုင်ယာလန်ကို ဘယ်လောက်သတ်မှတ်ထားသလဲ၊ နောက်တစ်ချက်ကတော့ ရင်းနှီမြှုပ်နှံတဲ့ စီးပွားရေး လုပ်ကိုင်မယ့် အစီအစဉ် လွှတ်တော်ကို တင်ပြပေးနိုင်ပါရန် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်ရှင်"

ဒါ့အပြင် ဘတ်စ်ကားအသစ်တွေမှာ မကြာခင် ကုန်တော့မယ့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တွေ တပ်ဆင်မယ် ဆိုရင် ပြည်သူတွေအတွက် ရေရှည်မှာ တည်ငြိမ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်တယ်လို့ လည်း ပြောပါတယ်။

ဒေါ်စန္ဒာမင်းရဲ့ မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ပြန်ဖြေရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တရုတ်နိုင်ငံက ကားအသစ်စီးရေ တစ်ထောင် ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်းသာ ပြန် လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲခဲ့တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်က YBS စနစ်နဲ့ ပတ်သက် ပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။