စည်ပင်ကော်မတီဝင် ၈ ဦးကို တာဝန်ရပ်ဆိုင်း


2016.05.18
mgmgsoe-ycdc-620.jpg ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ တွေ့ရစဉ်
Photo: Thiha Tun/ RFA

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင် ၈ ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြော ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အဖွဲ့ရဲ့ဆုံးဖြတ်နဲ့ နည်းဥပဒေကို ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

"ကျနော်တို့လည်း ဒီအစိုးရသက်တမ်းကုန်ရင် ထွက်ရမယ်၊ ကျနော့်သဘောနဲ့လည်း လုပ်လို့မရဘူး၊ ဥပဒေနဲ့ နည်းဥပဒေအရပဲ ဒီစာထုတ်တာ၊ ဒီစာကလည်း ကျနော်ထုတ်တာ မဟုတ်ဘူးလေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရဆိုတာပါတယ်၊ ကျနော်တို့လိုချင်တာ စာအုပ်ထဲကအတိုင်းပဲ အပြင် မှာဖြစ်ရမယ်၊ ဥပဒေ နည်းဥပဒေအတိုင်းပဲ အပြင်မှာဖြစ်ရမယ်၊ ဒါမှကျောသားရင်သား မခွဲရမှာ"

ကော်မတီဝင် ၈ ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အတွက် စည်ပင်ရဲ့ လုပ်ငန်းတွေ အဆင်ပြေစေဖို့ အစိုးရအဖွဲ့က စည်ပင်ကော်မတီဝင် ၄ ဦးကို မကြာခင်ခန့်အပ်သွားမှာ ဖြစ်ပြီး နောက်ထပ် ကော်မတီဝင် ၄ ဦးကို စည်ပင်ရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်သွားမယ်လို့လည်း ဦးမောင်မောင်စိုး က ပြောပါတယ်။

တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ ကော်မတီဝင် ၈ ဦးက မြို့တော်ဝန် တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နည်းဥပဒေကို ပြင်ဆင်လိုက်တာဟာ တရားမဝင်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အမိန့်အရ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာကို သိရတဲ့အတွက် ဒီနေ့စပြီး လုပ်ငန်းတာဝန်တွေကို မလုပ်တော့ဘူး လို့ ကော်မတီဝင်ဟောင်း ဒေါက်တာအေးမင်းက ပြောပါတယ်။

"ဝန်ကြီးချုပ်အမိန့်အရဆိုရင်တော့ ကျနော်တို့ ရပ်လိုက်ပါပြီ၊ ဒီနေ့ပဲရပ်လိုက်ပြီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ် ရင်တော့ ပိုကောင်းတာပေါ့၊ ကျနော်တို့က ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်လာတာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒ အရ ဖြုတ်ဆိုရင်တော့ ဖြုတ်လို့ရတာပေါ့၊ ပြည်သူ့ဆန္ဒမပါဘဲနဲ့ တာဝန်ကရပ်ဆိုင်းတယ်ဆိုတာကတော့ နည်းနည်းလေး လိုအပ်နေတယ်လို့ ထင်ပါတယ်"

လွန်ခဲ့တဲ့၂၀၁၄ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်က ရွေးကောက် တင်မြှောက်လိုက်တဲ့ ကော်မတီဝင် အပါအဝင် ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်း ၁၁၅ ဦးဟာ တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရတာဖြစ်ပါတယ်။

အရင်နည်းဥပဒေအရ စည်ပင်ကော်မတီဝင်တွေရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့ သက်တမ်းအတိုင်းဖြစ် ပြီး နောက်တစ်ကြိမ် စည်ပင်ရွေးကောက်ပွဲ မကျင်းပခင် အချိန်ထိ တာဝန်ထမ်းဆောင်ခွင့်ရှိတယ် လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ နည်းဥပဒေမှာ နောက်ထပ် ကျင်းပမယ့် စည်ပင်ရွေးကောက်အထိ တာဝန်ထမ်းဆောင် ခွင့်ရှိမှာမဟုတ်ဘဲ ပြီးခဲ့တဲ့အစိုးရသက်တမ်းအတိုင်း တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။