ညဈေးတန်းဆိုင်ခန်းနေ ရာ ပြန်ရောင်းတာတွေကို အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံချက်နဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တဲ့ ကမ်းနားလမ်း ညဈေးတန်းက ဈေးဆိုင်ခန်းနေရာတွေကို တဆင့်ပြန်လည် ရောင်းချနေတာကို ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဒီကနေ့ နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်ပွဲအခမ်းအနားမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဒေါ်သန်းမြင့်အောင် က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကမ်းနားလမ်း ညဈေးတန်းကို ဈေးဆိုင်ပေါင်း ၂ဝဝဝ ကျော်နဲ့ စတင်ခဲ့တာဖြစ်ပြီး အဆင်မပြေမှုတွေရှိတဲ့ အတွက် ဈေးရောင်းမထွက်တော့တဲ့ ဆိုင်တွေလည်း ရှိနေတာကြောင့် အခုဆိုရင် စတင်ဖွင့်လှစ်ခဲ့တဲ့ ဈေးဆိုင်တွေ ထက် ၅ဝ ရာခိုင်နှုန်း ဆိုင်တစ်ထောင်ကျော်လောက်ပဲ ဖွင့်လှစ်တော့တယ်လို့ သိရပါတယ်။

ဈေးဆိုင်ခန်းတွေကို လက်ပြောင်း ရောင်းချနေတာကို သိရှိသူတွေရှိရင် အကြောင်းကြားဖို့ တိုက်တွန်းခဲ့ပြီး လက်ရှိလည်း တိုင်စာအချို့ ရောက်ရှိနေတယ် လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ရွှေဘုံသာလမ်းမှာရှိတဲ့ အဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးတန်းတွေကိုလည်း ကမ်းနားလမ်းကို ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။