ရန်ကုန်မြို့က သံဃာထု ဆန္ဒပြပွဲ

ရန်ကုန်မြို့က စာသင်သံဃာတော် အပါး ၃ဝဝ ဝန်းကျင် ပါဝင်တဲ့ "ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့" ဟာ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး တောင်းဆိုထားတဲ့အချက်တွေကို အစိုးရဖက်က အကောင်အထည် မဖော်ပေးတဲ့ အတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားကြီးကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအထိ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

2012.12.12
ygn-protest-sangha305 ဒီဇင်ဘာ ၁၂ ရက်နေ့က လက်ပန်းတောင်း အရေးနှင့် ပက်သက်ပြီး ရန်ကုန်မြို့တွင် သံဃာထုက ဆန္ဒထုတ်ဖော်စဉ်။
Photo:RFA/Kyaw Zawe Win

သံဃာတော်တွေဟာ "၁၂ ၊ ၁၂ ၊ ၁၂ သံဃာတော်များ အကြမ်းဖက်ခြင်းကို ရပ်တန့်ပေးပါ" ဆိုတဲ့ စာသားပါ လက်ကိုင်ပိုစတာတွေနဲ့ သာသနာ့အလံတော်တွေကို ကိုင်ဆောင်ရင်း အလံပြဘုရားလမ်းတလျှောက် မေတ္တာပို့ရွတ်ဆိုပြီး ဆူးလေစေတီတော်ကို စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

သံဃာတော်တွေဟာ မွန်းလွဲ ၂ နာရီအချိန်မှာ ရေတာရှည်လမ်းဟောင်းကိုဖြတ်ပြီး  ဦးထောင်ဗိုလ်လမ်းကနေ တစ်ဆင့် အလံပြဘုရားလမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒပြတဲ့အခါ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူလူထု ရာပေါင်းများစွာကလည်း သံဃာတော်တွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတော်တွေဟာ မွန်းလွဲ ၃ နာရီမှာ ဆူးလေစေတီတော်ကို ရောက်ရှိပြီးနောက် စေတီတော်ကို လက်ယာရစ်လှည့်ပြီး မြို့တော်ခန်းမရှေ့မှာ စုဝေးကာ သံဃာတော်တွေရဲ့ အစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက် ၅ ရပ်ကို ဖတ်ကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ စစ်တွေ ၊ ပခုက္ကူ ၊ ချောက် ၊ ပြည်၊  ဝါးခယ်မ ၊ ပုသိမ် ၊ စတဲ့ မြို့ကြီးတွေမှာလည်း သံဃာတော်တွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။