မြန်မာ့နိုင်ငံရေးပြဿနာအဖြေရှာဖို့ ဘယ်နှစ်ပွင့်ဆိုင်တွေ့တာ အရေးကြီးဆုံးလဲ


2014.12.18

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းရာမှာ ဘယ်နှစ်ဦး၊ ဘယ်နှစ်ပွင့် ပါဝင်တွေ့ဆုံသင့်သလဲဆိုတဲ့ ထပ်မံပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကြပ်အတည်းပြဿနာတစ်ခုအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

ကိုကျော်ကျော်အောင် တင်ပြချက်

သောတာရှင်များ ခင်ဗျာ၊ အခုကုန်ဆုံးတော့မယ့် ၂၀၁၄ ခုနှစ် မြန်မာ့နိုင်ငံရေးမှာ အဓိက လွှမ်းမိုးခဲ့တဲ့ အကြောင်းအရာ တစ်ခုက ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီး ဒီအတွက် လွှတ်တော်တွင်းမှာ ကော်မတီဖွဲ့ပြီး ပြန်လည်သုံးသပ်ဆွေးနွေးတာတွေ လွှတ်တော်ပြင်ပမှာလဲ ဆန္ဒပြတောင်းဆို တာ လက်မှတ်ရေးထိုးပွဲ ဟောပြောပွဲတွေလုပ်ပြီး တောင်းဆိုမှုတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပေမယ့် အခုနှစ်ကုန်ခါနီးထိ ပြင်ဖို့ဘာတစ်ခုမှ လက်ဆုတ် လက်ကိုင်ပြစရာ ရေရေရာရာ မရှိဘဲ အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။ ဒီအတောတွင်း နေပြည်တော်မှာ ထိပ်သီးညီလာခံကြီး ကျင်းပ ခဲ့တဲ့ နိုဝင်ဘာလကစလို့ နှစ်ဟောင်းကုန်ဆုံးတဲ့အထိ အငြင်းပွားစရာ ထပ်မံပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းတစ်ခုကတော့ နိုင်ငံရေးပြဿနာ ကို ဘယ်နှစ်ဦး၊ ဘယ်နှစ်ပွင့်တွေ့ဆုံအဖြေရှာမလဲဆိုတာပဲဖြစ်ပါတယ်၊ တစ်ကယ်တော့ ပြည်ထောင်စုလွှတ်တော် အကြီးအကဲ သူရဦးရွှေမန်းနဲ့ အတိုက်အခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်လွှတ်တော် ကိုယ်စားလှယ်အသီးသီးက လွှတ်တော်ထဲမှာ ပြင်ဖို့ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေဟာ လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်နဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ တည်ဆဲအစိုးရအဖွဲ့တို့ရဲ့ သဘောဆန္ဒမပါပဲ ပြင်လို့မရတော့တဲ့ အခြေအနေကို ကျရောက်လာတာမို့ မြန်မာ့နိုင်ငံရေးဟာ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တွင်တွင်ကျယ်ကျယ် တောင်းဆိုခဲ့ဘူးတဲ့ ၁၉၉၀ တစ်ဝှက်ကအခြေအနေတွေဆီကို သမိုင်းဘီးတစ်ပတ်လည်ပြီး ပြန်ရောက်သွားသလိုဖြစ်လာတယ်ဆိုပြီး သုံးသပ်မှုတွေတောင်ရှိလာခဲ့ပါတယ်။ အခြေခံဥပဒေပြင်ဆင်တဲ့ အဓိက ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ ကိုလွှတ်တော်အတွင်းမှာ ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက မပြင်နိုင်ဘူးလို့ အတိအကျပြောထားတာမို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိမှ အောင်မြင်မယ်နိုင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး အစီအစဉ်အတွက် လွှတ်တော်တစ်ခုလုံးမှာ ကြီးစိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ရဲ့ပူးပေါင်းပါဝင်မှုဟာ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိက သော့ချက်ဖြစ်လာတော့တာပါ၊ ဒါကြောင့်မို့လို့ လွှတ်တော်တွင်းမှာ ပြင်ရင်းပြင်ရင်းနဲ့ နောက်ဆုံးပြင်မရတော့တဲ့ အခြေအနေတွေကို ဥပဒေမူကြမ်းကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဘရှိန်က RFA ကိုအခုလို ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

"ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှာ ပြင်လို့ကိုမရဘူး၊ အဲ့တော့ပြင်မယ်ဆိုရင် တစ်ကယ်ပြင်ရင် တစ်ကယ်ရနိုင်တာပေါ့၊ ရနိုင်တဲ့ နည်းလမ်းကရှိတယ်၊ ဒါဘာလဲ နိုင်ငံရေးအရ ဖြေရှင်းတဲ့ နည်းလမ်းပဲ၊ ဒီနည်းလမ်းက လွဲပြီးဘယ်လိုမှ မရနိုင်ဘူး"

အခြေခံဥပဒေပြင်ဆင်ရေးမှာ တစ်ဆို့နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေချိန်၊ အမေရိကန် သမ္မတ အိုဘားမားနဲ့ နိုင်ငံတစ်ကာခေါင်းဆောင်တွေတက်ရောက်ကြမယ့် နေပြည်တော် အာဆီယထိပ်သီး ညီလာခံံကြီးမတိုင်ခင် သတင်း ၂ ပတ်အလိုမှာ အစိုးရဖက်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ကယကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်အကြီးအကဲ ၂ ဦးအပါအဝင် ပုဂ္ဂိုလ် ၁၄ ဦးကို နေပြည်တော်မှာ တွေ့ဆုံပွဲတစ်ခု စီစဉ်ပေးခဲ့ပါတယ်၊ ဒါပေမယ့် အဲ့ဒီပွဲဟာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲမဟုတ်တဲ့အတွက် ၄ ပွင့်ဆိုင်တွေ့ဆုံပွဲကိုပဲ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ ဘာကြောင့် ၄ ပွင့်ဆိုင် တောင်းဆိုရတယ်ဆိုတာလဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုရှင်းပြပါတယ်။

"ဘာဖြစ်လို့ ၄ ပွင့်ဆိုင်ကို တောင်းဆိုခဲ့လဲဆိုတာဟာ စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်၊ ကျမတို့က နောက်မှ အကျယ်ကျယ်လုပ်သွားချင်တာဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက်မဆွေးနွေးနိုင်ရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ သိပ်ပြီးတော့ ပါဝင်တဲ့သူများ များရင်၊ သဘောတရားတွေများရင်၊ ကွဲလွဲမှုတွေများရင် စပြီးတော့ နားလည်မှုဟာခက်ခဲတက်ပါတယ်၊ ကျမတို့က လက်တွေ့ကျကျ ညှိပြီးတော့ တောင်းဆိုတာဖြစ်ပါတယ်၊ ကန့်သတ်ချင်တာမဟုတ်ပါဘူး၊ အများပါဝင်မှာကို မလိုလားလို့ မဟုတ်ပါဘူး၊ လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျမတို့က ၄ ပွင့်ဆိုင်တောင်းဆိုတာဖြစ်ပါတယ် "

ဒီအတောအတွင်း ဖွဲ့စည်းပုံအခြေခံပြင်ဖို့ ခက်ခဲနေတဲ့ လွှတ်တော်အတွင်းမှာလဲ ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတ၊ NLD ဥက္ကဌနဲ့ လွှတ်တော် ဥက္ကဌ ၂ ဦး၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးပါဝင်တဲ့ ခေါင်းဆောင် ၆ ဦးအရေးတကြီးတွေ့ဆုံဖို့ လိုအပ်နေပြီဆိုပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက အဆိုတင်သွင်းလာခဲ့ပါတယ်။

"ခေါင်းဆောင်တွေညှိနှိုင်းရပါတော့မယ်၊ မလုပ်လို့မရတော့ပါဘူး၊ ပြည်သူတွေတော်တော်များများ ပြေးကြလွှားကြ ရှာကြဖွေကြ ရုန်းကန်စားသောက်ကြရတာလဲ ပင်ပန်းလှပါပြီ၊ တိုင်းပြည်ရဲ့ကံကြမ္မာကို နိုင်ငံသားတွေနဲ့ အတူ ဆုံးဖြတ်ချက်ပေးကြရမှာပဲဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးတဲ့ အချိန်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေသာမက အစောက ကျနော်တင်ပြတဲ့ ခေါင်းဆောင်ကြီး ၆ ဦးတွေ့ဆုံညှိနှိုင်းဆောင်ရွက်ဖို့ မလွှဲမသေလိုအပ်နေပါပြီ "

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်အဆိုကို သဘောတူဆုံးဖြတ်လိုက်ပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ရွေးချယ်လိုက်ပြီးအချိန်မှာပဲ သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ပွင့်ဆိုင်တောင်းဆိုချက်ရော၊ လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင်တောင်းဆိုချက်ပါ လူပုဂ္ဂိုလ်ဆန်ပြီး လက်တွေ့မကျတဲ့အတွက် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

" ကျနော်တို့ အမြင်ကတော့ ချဉ်းကပ်ပုံခြင်းက အတော်ကွဲပြားနေတဲ့ အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ်မထင်ဘူး၊ ကျနော်တို့ရဲ့ ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီး ကျနော်တို့က စဉ်းစားပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရော၊ လွှတ်တော်ရော ချဉ်းကပ်ပုံခြင်းက ပုဂ္ဂိုလ်ကို အခြေခံနေတော့ ကျနော်တို့နဲ့ အတော်ကွာပါတယ်"

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလဲ လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင်ဟာ အဖွဲ့အစည်းအားလုံးကို ကိုယ်စားမပြုတဲ့အတွက် လက်မခံနိုင်ကြောင်း နိုဝင်ဘာ ၂၉ ရက်နေ့က KNU ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံစဉ် အတိအလင်းပြောကြားခဲ့ပါတယ်၊ လွှတ်တော်ပြင်ပ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ပွင့်ဆိုင်တောင်းဆိုချက်ကိုရော၊ လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင်တောင်းဆိုချက်ကိုပါ ထောက်ခံကြောင်း အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျေမီက ပြောပါတယ်။

"တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွားနိုင်သလို၊ အဆိုးဘက်ကိုလဲ ဦးတည်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိတယ်၊ အဲ့တော့ ကျနော်တို့က ခုချိန်မှာ အရေးကြီးတဲ့ အဓိက ၄ ယောက်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လွှတ်တော် နာယက သူရဦးရွှေမန်းရယ်၊ သမ္မတကြီးရယ်၊ ကာကွယ်ရေးဦးစီချုပ်ရယ် အဲ့ကနေ ကျနော်တို့က စစေချင်တယ်၊ ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုပြီးဆုံးဖြတ်တယ်၊ အဲ့ဒီ ၆ ပွင့်ဆိုတာလဲ အငြင်းပွားမှုမနည်းဆုံး ပုဂ္ဂိုလ်တွေဖြစ်တော့ သိပ်တော့ ပြဿနာမရှိဘူး၊ ကျနော်တို့ပြောနေတာက ကျစ်ကျစ်လစ်လစ်နဲ့ အငြင်းပွားမှု အနည်းဆုံး စကြည့်လိုက်ပါ၊ စဖို့လိုအပ်တယ်၊ ပြီးတော့မှ စားပွဲဝိုင်းကို ချဲ့ချဲ့သွားပေါ့ဗျာ၊ နောက်ဆုံးတကယ်တမ်း အဆုံးအဖြတ်ပေးရမှာ ပြည်သူလူထုပါဗျာ၊ "

အဲ့ဒီလို ၁၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် ဖြစ်အမျိုးမျိုးပေါ်ပေါက်နေချိန်မှာ ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးဆိုပြီးတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွေမှာ နောက်တစ်မျိုးတောင်းဆိုလာပါတယ်၊ ဒီတောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်အနေနဲ့ လေ့လာသုံးသပ်သွားမယ်လို့ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဝန်ကြီး ဦးရဲထွဋ်က ပြောထားပေမယ့် ပြည်ထောင်စုလွှတ်တော်ကနေ ၆ ပွင့်ဆိုင် ဆွေးနွေးရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသူ ဒေါက်တာ အေးမောင်ကတော့ အခုလို တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ ချဉ်းကပ်တောင်းဆိုလာမှုဟာ တည်ဆဲဖွဲ့စည်းပုံအခြေခံရဲ့ ဥပဒေ အရ လက်တွေ့အကျုံးမဝင်နိုင်ကြောင်းပြောဆိုပါတယ်။

" ပြည်ထောင်စုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ တိုင်းဒေသကြီးနဲ့ လွှတ်တော်ဖက်က တင်ပြတောင်းဆိုပိုင်ခွင့် တိုက်ရိုက်မရှိပါဘူး သက်ဆိုင်ရာ အစိုးရကတဆင့် တိုက်တွန်းတယ်ဆိုတာမျိုးက တိုက်ရိုက်အစိုးရနဲ့ စည်းနှောင်ထားတဲ့ ပုဒ်မမျိုးမရှိပါဘူးလို့ ကျနော်သုံးသပ်ပါတယ်၊ တိုင်းဒေသကြီးနဲ့ လွှတ်တော်က တင်ပြတဲ့ နည်းလမ်းဟာ ကျနော်တို့သွားလိုတဲ့လမ်းကြောင်းနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်"

တွေ့ဆုံဆွေးနွေးရေးဟာ အခုဆိုရင် အစိုးရနဲ့ လွှတ်တော်ကြား၊ စစ်တပ်နဲ့ လွှတ်တော်ကြား၊ အတိုက်အခံနဲ့ အစိုးရကြားမှာသာမက လွှတ်တော်တွေအချင်းချင်းကြားမှာပါ အငြင်းပွားလာတာဖြစ်ပါတယ်၊ ဝါရင့်နိုင်ငံရေး သမားကြီး ဦးသုဝေကတော့ ဘယ်နှစ်ဦးပါဝင်ပြီး ဘယ်နှစ်ပွင့်ဆိုင်ပဲတွေ့ဆုံကြတယ်ဆိုတာထက် ဘယ်လောက်ထိ ထိထိရောက်ရောက်ဆွေးနွေးအဖြေရှာနိုင်လဲဆိုတာက ပိုအရေးကြီးကြောင်းထောက်ပြပါတယ်။

" ကျနော်ကတော့ ဆွေးနွေးတယ်ဆိုတာတော့ ကောင်းတာပေါ့ဗျာ၊ ဘယ်နှစ်ပွင့်ဆိုတာတော့ ကျနော်လဲပြောဖို့မလိုဘူးထင်တာပဲ၊ ဘယ်နှစ် ပွင့်ဖြစ်ဖြစ်ပေါ့ဗျာ၊ ဆွေးနွေးတာကောင်းတယ်၊ ဘယ်လောက်ဆွေးနွေးတယ်ဆိုတာတော့ ဆွေးနွေးတဲ့သူပေါ်မှာ မူတည်တာလေ၊ ကျနော်တို့လို ချင်တာကတော့ ငြိမ်းချမ်းရေးလိုချင်တာပဲလေနော်၊ "

အခုဆိုရင် နေပြည်တော်ပြည်ထောင်စုက ၆ ပွင့်ဆိုင်၊ တိုင်းဒေသကြီးလွှတ်တော်တချို့ က ၁၂ ပွင့်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည် ၈၈ မျိုးဆက် အင်အားစုတွေပါဝင်တဲ့ အတိုက်အခံဖက်က ၄ ပွင့်ဆိုင်နဲ့ ၆ ပွင့်ဆိုင်တို့ စွဲကိုင်ထားပြီး အစိုးရနဲ့ တပ်မတော်ဖက်ကတော့ ၁၂ ပွင့်၊ ၁၄ ပွင့် အင်အားစု မှာရှိနေတယ်လို့ ယေဘုယျ ယူဆနိုင်ပြီး ဒုက္ခဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အနာဂါတ်အတွက် နိုင်ငံရေးပြဿနာတွေ ကို ခေါင်းဆောင်တွေတွေ့ဆုံပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖို့အဖြေရှာဖို့ဆိုရာမှာ အခုအငြင်းပွားစရာဖြစ်နေတဲ့ ဘယ်နှစ်ဦးပါဝင်တွေ့ဆုံသင့်တယ်ဆိုတဲ့ ဒီရှေ့ကပြဿနာကို အရင်ဆုံးဖြေရှင်းရဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။