အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြုပ်မှု ပြည်သူ့ လွှတ်တော်မှာ ရှင်းလင်း


2015.03.19

ရခိုင်ပြည်နယ်မှာ မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် အမှတ် ၃ ရေယာဉ် ဘာကြောင့် နစ်မြုပ်ခဲ့တယ် ဆိုတာကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လာရောက်ရှင်းလင်း တင်ပြခဲ့ပါတယ်။ အဲ့ဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်လည်ဆွေးနွေးတာတွေ ရှိခဲ့သလို ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း မှတ်ချက်ပြုပြောကြားခဲ့တာရှိပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဟံစိန် က အောင်တံခွန် ၃ ရေယာဉ်နစ်မြုပ်ခဲ့တဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လက်တလော တွေ့ရှိ ထားတဲ့အချက်တွေကို လာရောက်ရှင်းလင်းခဲ့တာပါ။

ရေယာဉ်နစ်မြုပ်ခဲ့တဲ့ အဓိကအချက်ဟာ ကုန်တန်ချိန် အများအပြားတင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးဟံစိန်က ပြောပါတယ်။

ဦးဟံစိန်။                  ။ကုန်တွေအနေနဲ့ကတော့ သီးခြားသက်မှတ်ထားချက်မရှိပဲနဲ့ သူရဲ့ရေထိမျဉ်းရှိပါတယ်၊ ရေ ထိမျဉ်းထက်မကျော်ရပါဘူး၊ အခုခရီးစဉ်မှာတော့ ဒါရေထိမျဉ်းထက်ကျော်နေလို့ သက်မှတ်ကုန်တင်နိုင်မယ့် သက် မှတ်မျဉ်းထက်ကျော်လွန်ပြီးတော့ ကုန်တွေတင်ဆောင်ထားတယ်ဆိုတာ တွေ့ရှိရပါတယ်၊ ကုန်ပတ်ပေါ်မှာ တင်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကလည်း များပြီးတော့ ကျနော်တို့ လှိုင်းလေပြင်းထန်တဲ့အချိန်မှာ လှိုင်းလေရှိ လို့ရှိရင် ဒီကုန်တွေ ရွေ့မှုမရှိအောင်တုတ်နှောင်ထားရမှာ ဖြစ်ပါတယ်၊ ဒါလည်း တုတ်နှောင်ထားခြင်းမရှိတာ ကျနော်တို့ တွေ့ရပါတယ်။

ဒါ့အပြင် အောင်တံခွန်ရေယာဉ်တွေဟာ ၈ နာရီအောက်ခရီးတို မောင်းနှင်မယ်ဆိုရင် လူဦးရေ ၁၆ဝ တင်ဆောင်နိုင်ပြီး ၈ နာရီကျော်မောင်းနှင်မယ်ဆိုရင် လူဦးရေ ၁၁ဝ သာတင်ဆောင်နိုင်တဲ့ ရေယာဉ်တွေ ဖြစ် တယ်လို့ ဒုဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။

အခုလ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် ရေယာဉ်မှာ လူဦးရေ ၂ဝဝ ကျော်ပါတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အသက်ရှင်လျှက် ကျန်ခဲ့သူတွေကတော့ လူဦးရေ ၄ဝဝ ကျော်ပါသွားတယ် လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ရေယာဉ်ဟာ မထွက်ခွာခင်ကတည်းက ရေဝင်နေပြီး ခရီးသည်တွေက ဝိုင်းဝန်း ခတ်ထုတ်ခဲ့ရတယ်လို့လည်း အသက်ရှင် ကျန်သူတွေက အာအက်ဖ်အေကို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကရေယာဉ်တွေမှာ ဝန်ပိုတင်တာ၊လူပိုတင်တာတွေဟာ ပုံမှန်ဖြစ်နေကြဖြစ်တယ်လို့ မြေပုံမြို့နယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့လွှတ်တော်မှာ ဆွေးနွေးပါတယ်။

ဦးဖေသန်း။               ။သင်္ဘောသားတွေကလည်း ဝန်ပိုတင်တယ်၊ ကုန်ပိုတင်တယ် အဲ့ဒါသူတို့ ကြားပေါက်ရတယ်၊ သင်္ဘောလက်မှတ် ခရီးသည် ၂၁၄ စောင်လို့ပြောတယ်၊ ဒါပေမယ့် ဝန်ကြီးရှင်းပြတာ ၁၁ဝ ပဲတင်နိုင်တယ်လို့ပြော တယ် ၂ ဆကွာတယ်၊ အဲ့ကြားမှာမှ လက်မှတ်မရှိတဲ့လူတွေ အများကြီးရှိတယ်၊ ၃ဝဝ ကျော်လောက်ပါတယ်လို့ ကျနော်တို့ သတင်းရတယ်၊ အဲ့ဒါလည်း ဒီခရီးစဉ်မှာ အများဖြစ်နေတဲ့ကိစ္စပါ။

အခုလို ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့အတွက် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဒီနေ့လွှတ်တော်မှာ ပို့ဆောင်ရေးဒုဝန်ကြီး လာရောက်ရှင်းလင်းစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဦးဘရှိန်။                  ။ဒီဆုံးရှုံးနစ်နာမှုတွေ နောင်အခါများမှာ မပေါ်ပေါက်ရအောင် အခုဖြစ်နိုင်တဲ့ အခြေအနေက လောလောဆယ် သင်္ဘောအစုတ်အဟောင်းတွေနဲ့ ခရီးထွက်ပေးပါ၊ ထွက်ပြီးတဲ့အခါလည်း ကျနော်တို့အများပြည်သူရဲ့ အသက်အန္တရာယ်တွေကို မဖြစ်လာနိုင်အောင်တော့ စီစဉ်ဆောင်ရွက်ပေးပါ၊ နောက် တစ်ခုက ဒီအမြန်ယာဉ်တွေ လူအသက်အန္တရာယ်ကို မကြာခင်မတွေ့ပေမယ့် တစ်ကြိမ်မှာတွေ့နိုင်တဲ့ အခြေ အနေရှိတယ်၊ ဒါလည်းကြီးကြပ်ပေးပါလို့ ဒီနှစ်ချက်ကို အလေးထားပြီၤးတော့ တင်ပြဆွေးနွေးပါတယ်။

အောင်တံခွန်ခရီးသည်တင်ရေယာဉ် နစ်မြှပ်ခဲ့တာကြောင့် သေဆုံးသွားသူ ၆၁ ဦးရဲ့ အလောင်းတွေကို ဆယ်ယူရရှိပြီးဖြစ်ပေမဲ့ မျောက်ကျိန်ကျွန်းအနီးနစ်မြုပ်နေတဲ့ အဲ့ဒီ ရေယာဉ်ထဲမှာ ပိတ်မိနေသူတွေလည်း ရှိနိုင်သေးတယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ အဲ့ဒီဖြစ်စဉ်မှာ အမှန်တကယ် တာဝန်ရှိသူတွေကို အရေးယူသွားဖို့ကို ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွ့ံ့ဖြိုးရေးပါတီက  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

ဦးသိန်းဆွေ။             ။စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ အစီရင်ခံစာရရှိမယ်ဆိုရင် အဖြစ်မှန်တွေကို ဖော်ထုတ် ပြီးတော့မှ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ကျနော်တို့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုများ ပညာပေးမှု များ ဆောင်ရွက်သင့်ပါတယ်၊ နောင်မှာအလားတူမဖြစ်ဖို့အတွက် ဒီသင်ခန်းစာတွေအပေါ်မှာ ပြုပြင်ဆောင် ရွက်သွားဖို့ အထူးပဲလိုအပ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရာသီဥတုကြောင့်ဆိုတဲ့ မမှန်မကန်ပြောဆိုမှုတွေမပြောပဲ တာဝန်ယူ ဆောင်ရွက် ဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

သူရဦးရွှေမန်း။           ။ရာသီဥတုကြောင့် ကမ်းခြေနီးတာကို ကပ်သွားတယ်ဆိုတဲ့ဟာလည်း မဖြစ်နိုင်ဘူး ၊ ဒေသမှာနေတဲ့ပုဂ္ဂိုလ်များရဲ့ အတွေ့အကြုံကြောင့် ဒီလိုပြောနေတာတွေကို ရခိုင်ပြည်သူတွေမကျေနပ်ဘူး၊ အဲ့ဒီမကျေနပ်ချက်ကို ကျနော်တို့အရင်မသိဘူး၊ ဒီနေ့ဆွေးနွေးလိုက်တာမှာသိတယ်၊ ပြောမယ်ဆိုရင် လိမ်ညာပြော ဆိုမှုတွေ၊ မမှန်ကန်ပြောဆိုနေရင် ပြည်သူတွေမကြိုက်ဘူး၊ ရခိုင်တိုင်းရင်းသားမှလည်း မဟုတ်ဘူး ဘယ်တိုင်းရင်း သားပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် လိမ်ညာပြောဆိုနေတာ ဘယ်သူမှမကြိုက်ဘူး၊ အဖြစ်မှန်ဖော်ထုတ်တဲ့နေရာမှာ အဖြစ်မှန်ကို ရရှိအောင်ဆောင်ရွက်သွားဖို့ဆိုတဲ့ဟာလည်း ဒီနေ့ဆွေးနွေးတဲ့နေရာမှာ ရရှိတဲ့သင်ခန်းစာပဲ ဖြစ်ပါ တယ်၊ ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ပြီးတာတွေပြီးသွားပြီ၊ သေတာတွေသေသွားပြီ၊ အင်မတန်မှ တန်ဖိုးရှိတဲ့ အသက်တွေ ဆုံးရှုံးသွားပြီ၊ ဒီအပေါ်ကော ကျနော်တို့ဘာလုပ်မလဲ အပြစ်တွေပြော၊ အပြစ်တွေမြင်မယ့်အစား တာဝန်ရှိတဲ့လူတွေက တာဝန်ယူရမယ်၊ တာဝန်ခံပြီးတော့ ဆောင်ရွက်ရမယ်။

ဒီလ ၁၃ ရက်နေ့မှာနစ်မြုပ်ခဲ့တဲ့ အောင်တံခွန် ခရီးသည်တင်ရေယာဉ်မှာ ခန့်မှန်း ၂ဝဝ ကနေ ၄ဝဝ အထိ ပါသွားတယ်လို့ဆိုပေမယ့် အသက်ရှင်လျှက် လူဦးရေ ၁၇ဝ ကျော်ကိုသာ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။