ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၉ ခုနှစ်မှာ ဒေါက်တာစောမြအောင်နဲ့ လက်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်တို့က ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ၁၁ နေရာ အနိုင်ရခဲ့ပြီး၊ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်တွေကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းချိန်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီနဲ့အတူ သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာမှ ပါတီကိုပြန်ပြီး မှတ်ပုံတင် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ အဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ပါတီကို သီးခြားပြန်တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပါတယ်။ လက်ရှိပါတီခေါင်းဆောင်က ဦးအေးသာအောင် ဖြစ်ပါတယ်။ ဦးအေးသာအောင်ဟာ ၁၉၇၄ ခုနှစ်မှာ တစ်ကြိမ် ဖမ်းဆီးခံရပြီး၊ ၂၀၀၀ ခုနှစ်မှာ တစ်ကြိမ် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။