ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချင်းတိုင်းရင်းသားအခြေပြုပါတီ သုံးပါတီပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တာကို ပြန်သုံးသပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ရည်ရွယ်ပြီး ပေါင်းစည်းကြတာ ဖြစ်ပါတယ်။ ပါတီဦးဆောင်မှုကို တစ်ပါတီချင်းစီက ကိုယ်စားလှယ် (၁၃) ယောက်နှုန်းနဲ့ ဖွဲ့စည်းထားသလို၊ ဥက္ကဋ္ဌတာဝန်ကို ပါတီတစ်ခုစီရဲ့ကိုယ်စားလှယ်က ခြောက်လတစ်ကြိမ် ထမ်းဆောင်ဖို့ သတ်မှတ်ထားပါတယ်။ ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်က တိုင်းရင်းသားများ တန်းတူပြဌာန်းခွင့်နဲ့ ၁၉၄၇ ပင်လုံစာချုပ်အရ “ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး” ဖြစ်တယ်လို့ ကြေညာထားပါတယ်။ လက်ရှိဥက္ကဋ္ဌက ဦးငိုင်ဆတ် ဖြစ်ပါတယ်။