ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
ကချင်ပြည်နယ်ပြည်သူ့ပါတီကို ကချင်တိုင်းရင်းသားအခြေပြုပါတီ လေးပါတီ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ပါတယ်။ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) နဲ့၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖယ်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) တို့ ပေါင်းစည်းလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ပါတီနဲ့ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) တို့ကလည်း ပါတီချင်း မပူးပေါင်းပေမယ့် ခေါင်းဆောင်တွေ ပူးပေါင်းခဲ့ကြပါတယ်။ ပါတီရဲ့နိုင်ငံရေးရည်မှန်းချက်က ငြိမ်းချမ်းရေးနဲ့ ၁၉၄၇ ပင်လုံစာချုပ်အခြေခံ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပါတယ်။
ပါတီဥက္ကဌ - ဒေါက်တာမနန်တူးဂျာ
ဒေါက်တာမနန်တူးဂျာဟာ အရင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ ဥပဒေဘောင်တွင်းကနေ နိုင်ငံရေးလုပ်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ KIO ကနေ နှုတ်ထွက်ပြီး နိုင်ငံရေးပါတီ တည်ထောင်ခဲ့ပါတယ်။