ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်တွေအဖြစ် အနိုင်ရခဲ့ပြီး၊ နောက်ပိုင်းမှာ NLD ပါတီကနေ နှုတ်ထွက်သွားသူတွေနဲ့ ပါတီက ထုတ်ပယ်ခံရသူတချို့ စုစည်းပြီး “ပြည်သူ့ရှေ့ဆောင်ပါတီ” အမည်နဲ့ ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ စီးပွားရေးသမားတွေ၊ ပြည်ပကနေ ဘွဲ့ရထားသူတွေကို ပါတီ ဦးဆောင်တဲ့နေရာတွေမှာ ပါဝင်ဖို့ စည်းရုံးထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲဆန္ဒနယ်ရဲ့ ထက်ဝက်ကျော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။


ပါတီဥက္ကဋ္ဌ - ဒေါ်သက်သက်ခိုင်

ရွှေဆိုင်လုပ်ငန်းပိုင်ရှင်တစ်ဦီး ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့အမလည်း ဖြစ်တဲ့အတွက် လူသိများခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၈၈ အရေးတော်ပုံကာလက ကျောင်းသူတယောက်အနေနဲ့ သူနေထိုင်ရာ မိုးကုတ်မြို့မှာ ပါဝင်ခဲ့ပေမယ့် စစ်အစိုးခေတ် တလျှောက်လုံးမှာတော့ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့သာ နေထိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီး ၂၀၁၂ ခုနှစ် ပါတီမှတ်ပုံပြန်တင်တဲ့ အချိန်မှာ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကိုဝင်ရောက်ပြီး ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ်။ အဲဒီနောက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထောက်ပြလာတဲ့ အတွက် ထင်ရှားလာခဲ့သလို NLD ပါတီကနေ နှုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။