ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်တွင်းမှာ အင်အားအကြီးဆုံးပါတီ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်နယ်အတွင်း မဲဆန္ဒနယ် ၅၈ နယ် ထဲက ၂၃ နေရာမှာအနိုင်ရခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပြည်နယ်အတွင်းက နိုင်ငံရေး ပါတီတွေရော အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ “ရှမ်းပြည်အတိုင်ပင်ခံကောင်စီ” ဖွဲ့စည်းမှုနဲ့ ပါတီခေါင်းဆောင်တွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပါတီကို မှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် နေရာ ၄၀ မှာ အနိုင်ရခဲ့ပါတယ်။ ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်က တိုင်းရင်းသားများ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်ပြီး ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်ကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အပြင် ရှမ်းလူမျိုးတွေ အနေများတဲ့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိပါတီဥက္ကဋ္ဌက ဦးခွန်ထွန်းဦး ဖြစ်ပါတယ်။