ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)

ပြည်ပရောက် မြန်မာပြည်ဖွားတချို့က ကနေဒါနိုင်ငံမှာ ၂၀၀၇ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုချိန်မှာ UDP ပါတီကို ပြည်တွင်းမှာ ဦးဆောင်တည်ထောင်ဖို့ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဦးသုဝေ အပါအဝင် နိုင်ငံရေးသမားတချို့ကို ချဉ်းကပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးသုဝေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ မပါဝင်ဘဲ ပါတီကို ပြည်တွင်းမှာ မှတ်ပုံတင်ပြီး တည်ထောင်ခွင့် ရခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် တနိုင်ငံလုံးမှာ နေရာအများဆုံး ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပြီး ပါတီအမှတ်တံဆိပ်အရ နှင်းဆီပါတီအဖြစ် လူသိများတဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၂၀ စက်တင်ဘာလမှာ ပါတီဥက္ကဌ ဦးကျော်မြင့် ဖမ်းဆီးခံရပြီးနောက် UDP ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ပြဌာန်းချက်တွေနဲ့ ငြိစွန်းတဲ့အတွက် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်ကြောင်းနဲ့၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တွေအရ UDPပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာလည်း ရွေးကောက်ပွဲဝင်ခွင့် ရှိတော့မှာ မဟုတ်‌ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကြေညာထားပါတယ်။


ပါတီခေါင်းဆောင် - ဦးကျော်မြင့် (ခေါ် ) မိုက်ကယ်ဟွာဟူ

ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူ (ခ) ဇခုန်ဇုန်း‌ဆောင်ဟာ ကချင်တိုင်းရင်းသားဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ဝ,တိုင်းရင်းသားတွေ ခွဲထွက်ချိန်က စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးအတွက် ဦးဆောင် ပါဝင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ ၁၉၉၈ ခုနှစ်မှာ စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်လို့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ မန္တလေး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ပြီး ထိုင်းနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုကတဆင့် ကနေဒါနိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သူဦးဆောင်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို တရားဝင် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ အတွက် မြန်မာပြည် ပြန်ရောက်သွားပါတယ်။ လောလောဆယ် ဦးကျော်မြင့်ကို အကျဉ်းထောင်ကနေ ထွက်ပြေးထားတဲ့ ရာဇဝင်ကြောင့် ၂၀၂၀ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ငွေကြေးခဝါချမှု၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံးက ပြောဆိုထားပါတယ်။