ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)

၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ပါတီကနေ အဝေးရောက်သွားတဲ့ ပုဂ္ဂိုလ်တချို့နဲ့၊ NLD ပါတီဝင်ဟောင်း တချို့ ဦးဆောင်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကို ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဦးဆောင်သူတွေထဲမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ပြီး နှစ်ရှည်အကျဉ်းချခံရသူ တချို့လည်း ပါဝင်ပါတယ်။ လက်ရှိမှာ NLD ပါတီကနေ အဝေးရောက်သွားသူတွေ၊ NLD ပါတီနဲ့ နိုင်ငံရေးအရ အဆင်မပြေသူတွေ၊ လယ်သမားတွေကိုစုစည်းပြီး တည်ထောင်ထားပါတယ်။


ပါတီဥက္ကဋ္ဌ - ဦးဒေးဗစ်လှမြင့်

၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသလို၊ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ နေအိမ်အကျယ်ချုပ် ကနေ ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးသူ ဖြစ်လာပါတယ်။ ဦးဒေးဗစ်လှမြင့်ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး - ဒေါ်နော်အုန်းလှ

NLD ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ကာလမှာ အင်္ဂါနေ့တိုင်း အပတ်စဉ်ဝတ်ပြုဆုတောင်းပွဲ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သလို၊ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားအရေးတွေမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့အတွက် လူသိများသူ ဖြစ်ပါတယ်။ ဒေါ်နော်အုန်းလှဟာ ဦးဒေးဗစ်လှမြင့်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီ ပါတီ (UNDP) ဖွဲ့စည်းချိန်မှာ ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နေရာအတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။