တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းရယူမှု ဆွေးနွေးပွဲ အကြောင်း မေးမြန်းချက်

2014-12-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းရယူမှု လွယ်ကူအစဉ်ပြေစေရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရဲ့ကိုယ်စားလှယ်အရာရှိတွေနဲ့ သတင်းမီဒီယာသမားတွေ ဒီနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြဝတီ စာပေတိုက်မှာ ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသီဟထွန်း။           ။ဆရာဇော်သက်ထွေး ခင်ဗျ၊ ဒီနေ့ တပ်မတော်နဲ့ သတင်းမီဒီယာတွေ ကြားထဲမှာသတင်းရ ယူမှု အဆင်ပြေချောမွေ့စေဖို့ ထုတ်ပြန်ချက်တွေအချိန်မီရရှိနိုင်ဖို့ ဆွေးနွေးကြတယ်လို့ သိရပါတယ်ခင်ဗျ၊ ဒီနေ့ ဘယ်လိုအချက်အလက်တွေများ နားလည်မှုရခဲ့လဲခင်ဗျ။

ဦးဇော်သက်ထွေး။                ။ပထမအကြိမ် မီဒီယာနဲ့ တပ်မတော်ကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ် ၊ တွေ့ဆုံမှုရဲ့အလုပ်ရုံဆွေးနွေးပွဲမှာကတော့ ပထမဆုံးမီဒီယာဘက်က သတင်းရယူရာမှာ လိုအပ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုတင်ပြပါတယ်၊ အဲ့ဒါတစ်ပိုင်းပြီးတဲ့အခါမှာ တပ်မတော်ကနေပြီးတော့ မီဒီယာတွေကို သူတို့ ဘက်က သတင်းထုတ်ပြန်ပေးမှုနဲ့ပတ်သက်ပြီးတော့ သူတို့မှာရှိနေတဲ့ ကန့်သတ်တဲ့အချက်တွေနဲ့ သတင်း ထုတ်ပြန်ပေးလို့ရတဲ့ အတိုင်းအတာတွေနဲ့ သတင်းစီးဆင်းမှုသွားနိုင်တဲ့ လမ်းကြောင်းတွေ ပြန်လည်ချပြပါတယ်၊ အဲ့ဒီတော့ ဒီနေ့ဟာ မီဒီယာဘက်က သတင်းရယူမှုကိုပေးတယ်၊ တပ်မတော်ကလည်း သူတို့ရဲ့အခြေအနေကို ရှင်းပြတယ်ဆိုတဲ့ အဆင့်ပေါ့လေ၊ ပထမအဆင့်ဒီကိစ္စတွေက ပြီးဆုံးသွားပါပြီ၊ အဲ့ဒီတော့ ဒုတိယအကြိမ်ပြန်တွေ့မဲ့ အလုပ်ရုံဆွေးနွေးပွဲမှာတော့ နှစ်ဦးနှစ်ဘက်သတင်းစီးဆင်းလို့ရမယ့် အစီအစဉ်တစ်ခု ပေါ်ထွက်လာအောင် ကြိုးစားမယ်လို့ နှစ်ဦးနှစ်ဘက်ကနေပြီးတော့မှ ဆန္ဒရှိတယ်၊ သဘောတူကြပါတယ်ခင်ဗျ၊ ဒါကြောင့်ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို လာမယ့် ၂ဝ၁၅ နှစ်ဆန်းပိုင်း ပထမဆုံးလမှာပဲ ကျနော်တို့တွေ့ဆုံပြီးတော့ ပဲ ဆွေးနွေးနိုင်အောင် ကျနော်တို့ ကြိုးပမ်းမယ်လို့ အပြန်အလှန် ကျနော်တို့ ဆွေးနွေးတာတွေရှိပါတယ်။

ကိုသီဟထွန်း။           ။ဟုတ်ကဲ့ခင်ဗျ ဒါဆိုရင် ဆရာ၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲအတွက် အခုပထမအကြိမ် ကတော့ ဘယ်လိုအချက်တွေ ထုတ်ပြန်နိုင်တယ်လို့ ပြောလို့ရမလား၊ နားလည်မှုကျတာ့ ဘယ်လိုရလဲ ခင်ဗျ။

ဦးဇော်သက်ထွေး။                ။ပထမအကြိမ် တပ်မတော်နဲ့ မီဒီယာတွေ့ဆုံပွဲမှာ တစ်ဦးရဲ့သဘောသဘာဝတွေကို တစ်ဦးနားလည်သဘောပေါက်ပြီးတော့ တစ်ဦးရဲ့အခက်အခဲကို တစ်ဦးနားလည်တဲ့အဆင့်ကို ရရှိသွားပါပြီ၊ အဲ့ဒီအဆင့်ကို ရတယ်လို့တော့ ပြောလို့ရပါတယ်။

ကိုသီဟထွန်း။           ။ကျနော်တို့ ဒီတပ်မတော်ဘက်ကလည်း သူတို့စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးတယ်ဆိုတော့ အဲ့ဒီအချက်တွေဟာ ကျနော်တို့ သတင်းသမားတွေအနေ နဲ့ နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှုဥပဒေ ကိစ္စမျိုးတွေပုံစံမျိုးကျတော့ ဘယ်လိုများသတင်းသမားတွေဘက်က ဘယ်လို ပြန်လည်ဆွေးနွေးတာတွေရှိလဲ၊ ဘယ်လိုနားလည်မှုကောဘယ်လိုရှိလဲခင်ဗျ။

ဦးဇော်သက်ထွေး။                ။အခုကျနော်တို့ကတော့ မီဒီယာဘက်က ဆွေးနွေးတာရှိပါတယ်၊ တပ်မတော်ဘက် ကနေပြီးတော့မှ ဘယ်ဟာတွေကတော့ ဥပဒေချိုးဖောက်တာဖြစ်တယ်၊ ဘယ်ဟာတွေကတော့ သတင်းရယူလို့ ရတယ်ဆိုတဲ့အချက်တွေ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောကြားပေးဖို့ပေါ့လေ၊ အဲ့ဒါမျိုး လိုအပ်ပါတယ်ဆိုတာ ကိုပြောတဲ့အခါ တပ်မတော်ရဲ့ ဥပဒေရေးရာက တက်ရောက်လာတာတွေ ရှိပါတယ်၊ သူတို့တွေကလည်း နောင် တစ်ကြိမ်မှာ အဲ့ဒီအချက်အလက်တွေကို မီဒီယာနဲ့ အများပြည်သူတွေသိအောင် ကျနော်တို့ပြင်ဆင်လာခဲ့မယ် ဆိုတာမျိုးတွေ ဆွေးနွေးတာတွေရှိပါတယ်။

ကိုသီဟထွန်း။           ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်ကြိမ်တွေ့တဲ့အချိန်မှာ သူကလည်း သတင်းထုတ်ပြန်ရေးအဖွဲ့တွေပါထားဖို့ သူပြောဆိုထားတာတွေ၊ ကတိပေးထားတာတွေ ရှိတယ် ဆိုတော့ အဲ့ဒါဘယ်အချိန်လောက်မှာ ဖြစ်နိုင်တဲ့အလားအလာရှိလဲခင်ဗျ။

ဦးဇော်သက်ထွေး။                ။အဲ့ဒါတွေအားလုံးကလည်း ရှေ့နှစ်ပေါ့လေ၊ ရှေ့နှစ်မှာ ကျနော်တို့ ဆက်လက် ပြီးတော့ ဒါတွေကဆက်ပြီးတော့ ဖြစ်ပေါ်လာဖို့အနေအထားတွေရှိပါတယ်။

ကိုသီဟထွန်း။           ။ဟုတ်ကဲ့ခင်ဗျ ဆရာ၊ ဒီကြားထဲမှာရော ကျနော်တို့ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့သတင်းတွေ၊ သတင်းမီဒီယာတွေ ရယူမဲ့ကိစ္စမှာရော၊ သူတို့ဘက်က ဘယ်လိုမျိုးတွေ ဖြည့်ဆည်းပေးမယ့် သဘောမျိုးတွေရှိလဲ ခင်ဗျ။

ဦးဇော်သက်ထွေး။                ။အဲ့ဒါကတော့ ကျနော်တို့ ဒီနေ့တွေ့ဆုံပွဲမှာ ကျနော်တို့ ဒီကွန်တက်ပါရှင်တွေ၊ ဖုန်းနံပါတ်တွေ၊ အီးမေးလ်းတွေကို ဘယ်လုပ်မယ်ဆိုတဲ့အချက် အကြမ်းမျဉ်းပဲရှိပါသေးတယ်၊ အဲ့ဒီတော့ အဲ့ဒီအကြမ်းမျဉ်းကမှ နောက်တစ်ကြိမ် ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာ နောက်တစ်ကြိမ် ကျနော်တို့တွေ့မှ တိတိကျကျ ဖြစ်ပေါ်လာမယ်လို့ ကျနော်တို့ ယူဆထားပါတယ်။

ကိုသီဟထွန်း။           ။ဟုတ်ကဲ့ခင်ဗျ၊ ဆရာရေ နောက်မေးခွန်းတစ်ခုက သတင်းသမားတွေဘက်ကရော အဓိကဘယ်အချက်တွေကို ဆွေးနွေးခဲ့သလဲဆိုတာလေး ထက်ပြီးတော့ ပြောပြပေးပါလားခင်ဗျာ။

ဦးဇော်သက်ထွေး။               ။သတင်းသမားတွေကတော့ သတင်းတွေရယူရာမှာ အခက်အခဲတွေ ကြုံတွေ့နေ ရတယ်၊ ဒီအခက်အခဲတွေကို တပ်မတော်ဘက်က ဘယ်လိုများဖြေရှင်းပေးနိုင်မလဲ ဆိုတာကို အဲ့ဒါကိုပဲ အဓိကဆွေးနွေးသွားကြတာပါ သူ့အစုနဲ့သူပေါ့လေ၊

ကိုသီဟထွန်း။           ။အရင်တစ်ခေါက်တုန်းက ယူနတီကိစ္စမျိုးလို ကျနော်တို့ တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စတွေ မှာ ကျနော်တို့ အခုလိုတရားစွဲဆိုမှုတွေ ပြစ်ဒဏ်ပေးခံမှုတွေမရှိအောင်လို့ သတင်းသမားတွေ ဘက်ကလုပ်ဆောင် သင့်တယ်ဆိုတာကို သူတို့ဘက်က ဆွေးနွေးတာတွေရှိလားခင်ဗျ။

ဦးဇော်သက်ထွေး။                ။အခု ကျနော်တို့ဟာ အမှုဖြစ်တဲ့ဟာတွေကို ဆွေးနွေးတာမဟုတ်ဘူး၊ ကျနော်တို့ အခုဆွေးနွေးတာ မီဒီယာနဲ့ တပ်မတော်နဲ့ကြားမှာတပြေးညီ ဘယ်လိုမျိုးမော်ဒယ်နဲ့ တည်ဆောက်ပြီးသွား မလဲဆိုတာကို ကျတော်တို့ဆွေးနွေးတာပါ အမှုဖြစ်တဲ့ကြဿနာတွေကို ဖြေရှင်းဖို့ဆွေးနွေးတာ မဟုတ်ဘူး၊ တပ်မတော် က ခုနကလုံခြုံရေးကို အခြေပြုပြီးဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ သတင်းနဲ့ပတ်သက်ပြီးတော့ အရင် တုန်းကပိတ်နေတယ်ပေါ့လေ၊ အခုတော့ တပ်မတော်ရဲ့ သဘောသဘာဝကို မီဒီယာတွေက လေ့လာခွင့် ရတယ်၊ နောက်ပြီးတော့ မီဒီယာတွေရဲ့ သဘောသဘာဝတွေကိုလည်း တပ်မတော်ကလေ့လာခွင့်ရမယ်၊ အဲ့ဒီတော့ အပြန်အလှန် နားလည်မှုတစ်ခုကိုတော့ အစပျိုးတယ်လို့ အဲ့လိုတော့ ပြောလို့ရတာပေါ့။

ကိုသီဟထွန်း။           ။နောက်အဆင့်တွေကျမှပဲ ဆရာ၊ ဆက်ပြီးတော့ ဆွေးနွေးကြဖို့ တိကျတဲ့အချက်တွေရဖို့ အလားအလာရှိတယ်ပေါ့နော် ဆရာ။

ဦးဇော်သက်ထွေး။                  ။ကျနော်တို့ ဒုတိယအကြိမ်၊ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွေမှာ ဒီထက် ပိုပြီးကောင်းမွန်တဲ့ နားလည်မှုတွေရမယ်လို့ ကျနော်တို့မျှော်မှန်းထားပါတယ်။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ ဆရာဇော်သက်ထွေးကို RFA ကအထူးကျေးဇူးတင်ပါတယ်ခင်ဗျ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့