အမျိုးသားပညာရေးဥပဒေကြမ်း လွှတ်တော်မှာ မတင်ဖြစ်သေး

2015-02-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ လွှတ်တော်မှာ တင်ပြမယ်လို့ ပြင်ဆင်ခဲ့ပေမယ့် မတင်ဖြစ်သေးတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာ မြတ်ဥာဏစိုးက ပြောပါတယ်။

ဒေါက်တာမြတ်ဥာဏစိုးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမြတ်ဥာဏစိုးနဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေမာထွန်း။                 ။ အမျိုးသားပညာရေးပြင်ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်တင်သွင်းတဲ့အခါမှာဥပဒေကိုအတည်ပြုဖို့ အချိန်ကာလ ဘယ်လောက်များ ကြာနိုင်ချေရှိလဲရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ အချိန်ကာလကတော့ ကျနော်တို့ကအတိအကျပြောဖို့ ခက်ပါတယ်၊ လွှတ်တော်မှာ ဥပဒေတစ်ရပ်တင်တဲ့လုပ်ငန်းစဉ်တွေ အတိုင်းပဲ ဆောင်ရွက် မှာဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ဥပဒေကြမ်းကလွှတ်တော်ကို တိုက်ရိုက်တင်လို့ မရပါဘူး၊ လွှတ်တော်ကအမျိုးသားစီမံကိန်းဥပဒေရယ်၊ ဘတ်ဂျက်ဥပဒေရယ်၊ အခွန် ကောက်ခံတဲ့ဥပဒေရယ် ဒီ ၃ ခုပဲတိုက်ရိုက် တင်သွင်းခွင့်ရှိပါတယ်၊ ပညာရေးဝန်ကြီး ဌာနကနေပြီးတော့ ပြည်ထောင်စု လွှတ်တော်နာယကကြီးဆီကို တင်လိုက်မယ်၊ နာယကကြီးကနေပြီးတော့ လွှတ်တော်ကိုပြန်ချပေးပါလိမ့်မယ်၊ ပြည်ထောင်စုဝန်ကြီး ကနေပြီးတော့ ဒါကိုဆွေးနွေးပေးပါဆိုပြီးတော့ အဆိုတင်ရပါမယ်၊ လွှတ်တော်က သဘောတူပြီဆိုရင် ကျနော်တို့က ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာ ဒီပေါ်မှာ ဖတ်ရပါမယ်၊ အဲ့ဒါပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးပါမယ်၊ အချိန်ကတော့ တစ်ပတ်အတွင်းပြီးမယ်၊ နှစ်ပတ်အတွင်းပြီးမယ်၊ ဒါမှမဟုတ်လဲ တစ်လကြာရင်ကြာ မယ်၊ အဲ့လိုတော့အတိအကျ လွှတ်တော်ရဲ့လုပ်ငန်းစဉ်များအရ အတိအကျပြောလို့ မရနိုင်ပါဘူးခင်ဗျာ၊

ဝေမာထွန်း။                 ။ ခန့်မှန်းခြေအားဖြင့်ရော မှန်းလို့ရနိုင်ပါ့မလားဆရာ၊

ဒေါက်တာမြတ်ဥာဏစိုး။   ။ အစောဆုံးပေါ့၊ ကျနော်တို့ပြီးစီးသွားတဲ့ ဥပဒေတွေဆိုရင် လွှတ်တော် ၂ ရပ်လုံးမှာ ရုတ်သိမ်းတဲ့ဥပဒေတွေဆိုရင် ၂ ပတ်ပေါ့နော်၊ ကျနော်တို့ ဆောင်ရွက်ခဲ့ဘူးတဲ့ သာဓကရှိပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာနည်းနည်းလေး နောက်တစ်ခုကိုထည့်သွင်းစဉ်းစားရမှာက ဘတ်ဂျက်ရေးရာက ဧပရယ်ပထမပတ် မှာစတော့မယ်၊ မတ်လ ၃၁ ရက်နေ့မတိုင်ခင်မှာ လွှတ်တော်ရဲ့ဘတ်ဂျက်ကိစ္စတွေ ကိုဆောင်ရွက်နေရတာလဲရှိပါတယ်၊ ဒါနဲ့အတူ ပူးတွဲပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အချိန်ကတော့အမြန်ဆုံးဘယ်လောက်လဲ၊ အကြာဆုံးဘယ်လောက်လဲ ဆိုတာဟာခန့်မှန်းဖို့နဲနဲလေး ခဲယဉ်းပါတယ်။

ဝေမာထွန်း။                 ။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ စတင်ဆွေးနွေးတာကျတော့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဘယ်မှာများဆွေးနွေးဖို့ အလားအလာတွေရှိလဲရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့အကြံပေး ချက်ပေါ့၊ နာယကကြီးကနေပြီးတော့ လွှတ်တော်တစ်ရပ်ကို အကြောင်းကြား တာပေါ့နော်၊ ဘယ်လွှတ်တော်မှာစပြီးတော့ဆွေးနွေးပါဆိုပြီးတော့ တာဝန်ပေးအပ်မှု၊ ကျနော်တို့ လွှတ်တော်ဖက်ခြမ်းအနေနဲ့တော့ မရရှိသေးပါဘူး၊

ဝေမာထွန်း။                 ။ အမျိုးသားလွှတ်တော်မှာ တင်သွင်းလာတဲ့အခါကျရင်ရော အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအနေနဲ့ကရော အစီရင်ခံစာ တင်သွင်းမှုအပေါ်ရော လက်ရှိပြင်ဆင်နေမှုတွေ ရှိနေပြီလားရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ ဟုတ်ကဲ့၊ ကျနော်တို့ဆီကို ဥပဒေကြမ်းကမရောက် ရှိသေးပါဘူး၊ ရောက်ရှိပြီ၊ လက်ခံတင်သွင်းဖို့အဆိုပြုပြီဆိုတာနဲ့ အချိန်နဲ့ တပြေးညီ ကျနော်တို့ဖိတ်ကြားသင့်တဲ့သူတွေကို ဖိတ်ကြားမှာပါ၊ ချက်ချင်းကိုပြုလုပ်ဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာပါ၊ ဆောင်ရွက်ပြီးတဲ့အခါကျတော့ အချိန်တိုတွင်းမှာပဲ လွှတ်တော်ကိုအစီရင်ခံစာတင်သွင်းနိုင်ဖို့ ကျနော်တို့ဆောင်ရွက်သွားမှာပါ။

ဝေမာထွန်း။                 ။ ကျောင်းသားတွေတောင်းဆိုထားတဲ့အချက် ၁၁ ချက်ကို အခြေခံပြီးတော့ ပြင်ဆင်တဲ့ဥပဒေကြမ်းကိုရေးဆွဲထားတာပေါ့နော်၊ အဲ့ဒီအချက်တွေထဲမှာရော လက်ရှိကာလနဲ့ မကိုက်ညီတဲ့အချက်တွေရော ဆရာတို့အနေနဲ့ တွေ့ထားတာရှိလားရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ အဓိကတော့ ကျောင်းသားတွေတောင်းဆိုထားတဲ့အချက် ၁၁ ချက်လုံးက ကျနော်တို့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မြင့်မားမှု ကို တောင်းဆိုထားတာပါ၊ ဥပဒေရဲ့အနှစ်သာရသည် ပြန်လည်ပြင်ဆင်လိုတဲ့အချက်တွေ ဥပမာလေး အနေနဲ့ ကျနော်တို့ထုတ်နုတ်ပြီးတော့ပြော ရရင်ကျောင်းသားသမ္မဂများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ပေါ့၊ ဒါတွေဟာ ကျနော်တို့လက်ခံရမှာပါ၊ ဒါပေမယ့်အနှစ်သာရ ပိုင်းတော့အချက် ၁၁ ချက်ပေါ်မှာ အခြေခံထားတဲ့ပြင်ဆင်ချက်တွေဟာ ပြောင်းလဲမှု ရှိမယ်လို့တော့ ကျနော်မထင်ပါဘူး၊ အရေးအသားအသုံးအနှုန်းဆိုင်ရာမျိုးတွေတော့ လွှတ်တော် ကိုယ်စားလှယ်တွေဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့အနည်းငယ် ပေါ့လေ၊ ပြောင်းလဲသွားဖွယ်ရာ ရှိကောင်းရှိနိုင်ပါတယ်၊

ဝေမာထွန်း။                 ။ ၄ ပွင့်ဆိုင်တွေ့ဆုံနေတဲ့ကာလတွေတုန်းကလဲ ဆရာလဲပါဝင် ခဲ့တာဆိုတော့ ဥပဒေကိုလွှတ်တော်ကနေ အတည်ပြုပြီးတော့ ဆွေးနွေးတဲ့ အခါကျရင်ရော ဘယ်အချက်တွေကအခက်အခဲဖြစ်လောက်မယ်၊ ဘယ်အချက်တွေ ကအကျေအလည်ဆွေးနွေးရမယ် ဆိုတာမျိုးရော ဆရာမြင်တာရှိလားရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ အမျိုးသားပညာရေးဥပဒေသည် ပညာရေးဆိုတာ နိုင်ငံရဲ့အဓိကပါပဲ၊ အဲ့တော့စိတ်ဝင်စားတဲ့သူတွေများပါတယ်၊ တပ်မတော် ကိုယ်စားလှယ်ထဲမှာကို တပ်မတော်ပညာရေးကျောင်းတွေက ဆရာတွေရှိပါတယ်၊ ကိုယ်စားလှယ်တွေတော်တော်များများမှာလဲ အမြင်တွေရှိပါလိမ့်မယ်၊ အဲ့ပေါ်မှာ မူတည်ပြီးတော့ပဲ ကျနော်တို့သုံးသပ်ရမယ်လို့ထင်ပါတယ်၊ ကျနော်တစ်ဦးထဲ အနေနဲ့ကတော့သုံးသပ်ဖို့ခက်ပါလိမ့်မယ်ခင်ဗျ၊

ဝေမာထွန်း။                 ။ ကျောင်းသားသပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်လို့အစိုးရကလဲ ရန်ကုန်ထဲကိုဝင်မလာဖို့ပေါ့နော်၊ ထုတ်ပြန်ကြေညာချက်တွေ ရှိနေတယ်ပေါ့၊ ကျောင်းသားတွေကကျတော့လဲ ပြင်ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးပြီး လို့ အတည်ပြုပြီးတော့မှပဲ သပိတ်ကိုလှန်ပေးမဲ့ သဘောဆိုပြီးပြောဆိုနေတဲ့သဘော တွေလဲရှိတယ်ပေါ့နော်၊ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးဘယ်လိုဖြစ်သင့် တယ်ဆိုတာ ဆရာအမြင်ဘယ်လိုမျိုး ရှိလဲရှင့်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ ကျောင်းသားတွေဖက်ကလဲ စိတ်ပူပန်တာက ကြန့်ကြာ နေတာတွေဖြစ်နေမလား၊ ဖြစ်ပေါ်စရာမရှိဘူးလို့ ကျနော် ဥပဒေကြမ်းကော်မတီတွဲမှုးတစ်ယောက်အနေနဲ့ပေါ့နော်၊ သုံးသပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီဥပဒေကြမ်းက အရေးကြီးတယ်၊ နိုင်ငံရဲ့ဖြစ်ပေါ်နေ တဲ့အကျိုးသက်ရောက်မှုကလဲ အများကြီးဖြစ်ပေါ် နေတဲ့အတွက်ကြောင့် လွှတ်တော်ကတော့အတတ်နိုင်ဆုံး မြန်ဆန်အောင်ကျနော်တို့ လုပ်ဆောင်ပေးသွား မှာဖြစ်ပါတယ်။

ဝေမာထွန်း။                 ။ ဆရာအခုလိုဖြေကြားပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒေါက်တာမြတ်ဥာဏစိုး။   ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့