၆ ပွင့်ဆိုင်တွေ့ဆုံရေး နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းနဲ့ မေးမြန်းချက်

2014-12-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒေါက်တာ ရန်မျိုးသိမ်းနဲ့ မေးမြန်းချက်အပြည့်အစုံ

မဝေယံမိုးမြင့်။      ။ အခုလက်ရှိ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ကာချုပ်ကငြင်းဆိုထားပြီးတော့ အစိုးရဖက်ကလည်း မသေချာဘူးလို့ သိရပါတယ်။ အဲ့ပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုများမြင်ပါလဲရှင်။

ဒေါက်တာရန်မျိုးငြိမ်း။     ။ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို သမ္မတ ရုံးဖက်က အသံတိတ်ငြင်းဆိုတဲ့အပိုင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးဖက်က အသံတိတ်ငြင်းဆိုတဲ့ အပိုင်းတွေက အမှန်ကတော့ ကျနော့်အမြင်အားဖြင့် နည်းနည်းအံဝင်ခွင်ကျ မဖြစ်ဘူးလို့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သမ္မတဆိုတာ ပြည်ထောင်စု လွှတ်တော်ကနေ ခန့်အပ်တာဖြစ်တယ်၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ သမ္မတကနေ ခန့်အပ်တာဖြစ်တယ်၊ အဲ့ဒီခါကျတော့ သမ္မတခန့်အပ်မှုနဲ့ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်မှုမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ အနေအထားဟာ အရေးပါတဲ့နိုင်ငံရေးအရ ပိုပြီးတော့ အားကောင်းတဲ့ အနေအထားမှာရှိတဲ့ အခါကျတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုပြုမှုကို စိတ်မဝင်စားတဲ့ပုံစံမျိုးပြသတာဟာ ဒါနိုင်ငံရေးအရ လွဲချော်မှုတစ်ခုလို့ ပြောလို့ရတယ်။

မဝေယံမိုးမြင့်။      ။ လွှတ်တော်က အစိုးရကို ထိန်းကျောင်းတာဆိုပေမယ့် အခုလက်ရှိလွှတ်တော်က အဆိုပြုထားတာကို အစိုးရက ငြင်းပိုင်ခွင့်ရှိပါလားဆရာ၊ အစိုးရနဲ့ လွှတ်တော်ရဲ့ လက်ရှိအနေအထားကိုလည်း သုံးသပ်ပေးပါဦးရှင့်။

ဒေါက်တာရန်မျိုးငြိမ်း။     ။ပြည်ထောင်စုလွှတ်တော်ကနေ ရွေးကောက်ပြီးတော့ သမ္မတကို တင်မြှောက်တာပေါ့လေ၊ ပြီးတော့မှ သမ္မတကနေ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ အစိုးရအဖွဲ့ကိုဖွဲ့တာဆိုတော့ လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ ထိန်းကျောင်းမှု အပိုင်းမှာပေါ့လေ ဒီထက်ပိုပြီးတော့ အံဝင်ခွင်ကျဖြစ်ဖို့ လိုတယ်လို့မြင်တယ်၊ တကယ်တမ်းပြောမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ အာဏာရပါတီက လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီပဲ၊ အစိုးရအဖွဲ့ရဲ့ သမ္မတကြီးကနေစပြီးတော့ ဝန်ကြီး၊ အဖွဲ့ဝင်တွေအများစုက လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီရဲ့ အကြီးတန်းခေါင်းဆောင်တွေ၊ အဲ့ဒီအခါကျတော့ ဒီပါတီတစ်ခုတည်းက ခေါင်းဆောင်တွေက တစ်ဘက် တစ်မျိုးစီပြောနေတယ်၊ ဆိုနေတယ်ဆိုတဲ့ အပေါ်ကတော့ နည်းနည်းသံသယ ဖြစ်စရာလို့တော့မြင်တယ်။

မဝေယံမိုးမြင့်။      ။ဒီလိုမျိုး ၆ ပွင့်ဆိုင်တွေ့ဆုံခွင့်ကို အစိုးရဘက်က လုံးဝငြင်းဆိုလိုက်မယ်ဆိုရင် လက်ရှိနိုင်ငံရေးအခြေအနေက ဘယ်လိုပြောင်းသွားနိုင်တယ်လို့ ထင်ပါသလဲရှင့်။

ဒေါက်တာရန်မျိုးငြိမ်း။     ။အစိုးရဘက်က ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို လုံးဝငြင်းပယ်လိုက်မယ်ဆိုရင်တော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းကိုမလိုလားဘူးဆိုတဲ့ သဘောမျိုးသက်ရောက်သွားမယ်၊ နောက်ပြီးတော့ သမ္မတက ဒီတွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းနဲ့ ပတ်သက်ပြီး တောက်လျှောက်ပြောလာတဲ့ စကားတွေ၊ ပေးလာတဲ့ကတိတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်သွားမယ်လို့ ထင်တယ်။

မဝေယံမိုးမြင့်။      ။တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်ပြီးတော့ရော လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအခြေအနေတွေက ဘယ်လိုဖြစ်သွားနိုင်လဲရှင့်၊ အဲ့ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကသာ ပျက်ပြယ်သွားမယ်ဆိုလို့ရှိရင်။

ဒေါက်တာရန်မျိုးငြိမ်း။     ။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးရဲ့သဘောသဘာဝက တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာတဲ့လမ်းကြောင်းကို၊ အဲ့ဒီတော့ လက်ရှိ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အစိုရအနေနဲ့ တပ်မတော်အနေနဲ့ ဖော်ဆောင်နိုင်ဖို့အားနည်းတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီကိစ္စကိုစဉ်းစားလာမယ်လို့ ထင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ ယုံကြည်မှုဟာလည်းပဲ ပိုပိုပြီးကျဆင်းလာလိမ့်မယ်လို့မြင်တယ်။

မဝေယံမိုးမြင့်။      ။၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းရဲ့ အခြေအနေတွေရော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ၊ အစိုးရက ဒါကိုပြင်ချင်တယ်လို့ရော ထင်ပါသလားရှင့်။

ဒေါက်တာရန်မျိုးငြိမ်း။     ။အဓိကကတော့ ကျနော်တို့က အစိုးရလို့ ပြောတာထက်ပေါ့လေ၊ တကယ်တမ်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ လို့ပဲ ပြောရမလိုဖြစ်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရရော၊ လွှတ်တော်ထဲမှာ အာဏာရပါတီရော၊ အများစုဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဖြစ်တယ်၊ အဲ့ဒီအခါကျတော့ အစိုးရဟာ ပြင်ဆင်လိုခြင်း၊ မပြင်ဆင်လိုခြင်းထက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်လိုခြင်း၊ မပြင်ဆင် လိုခြင်းက ပိုပြီးတော့ အဓိကကျမယ်လို့မြင်တယ်၊ နောက်တစ်ခုက အစိုးရနဲ့ လွှတ်တော်နဲု့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို တသားတည်း မြင်ဖို့ လိုတယ်လို့ မြင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကို ဖွဲ့စည်းထားတာဟာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပဲ၊ နောက်လွှတ်တော်ထဲမှာ အများစုပါတီဟာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဖြစ်လို့ပဲလေ။

မဝေယံမိုးမြင့်။      ။ဟုတ်ကဲ့ပါ၊ အခုလိုမျိုးဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့