လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အနာဂါတ်အလားအလာ ဦးကိုကိုကြီးကို မေးမြန်းချက်


2014.12.10

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မြောက်သေးတာဟာ ဘယ်လိုပုံစံနဲ့ တေ့ွဆုံကြမလဲဆိုတဲ့ အခင်းအကျင်းအပေါ်မှာ ယုံကြည်မှုနည်းနေသေးတာကြောင့် ဖြစ်တယ်လို့ ၈လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီးကို လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အနာဂါတ်အလားအလာတွေကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးကိုကိုကြီးနဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်သူ။                 ။ အခုဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးဆိုရင် ၁၁ ကြိမ်မြောက်ဖြစ်သွားပြီပေါ့လေ၊ ဥပဒေပေါင်းလဲ ၄၀၀ ကျော်လောက် သူတို့အနေနဲ့ ပြဌာန်းခဲ့ပြီလို့လဲ သိရတယ်၊ အဲ့ဒီဥပဒေတွေမှာပေါ့လေ လက်ရှိ ကျနော်တို့ တိုင်းပြည်အတွက်ကို ဘယ်လောက်ထိများ အသက်ဝင်တဲ့ ဥပဒေတွေ ဖြစ်ခဲ့လဲဆိုတာ ဦးကိုကိုကြီး တို့လေ့လာတွေ့ရှိချက်တွေကလေ အဲ့ဒါလေးလဲပြောပြပေးပါဦးဗျာ၊

ဦးကိုကိုကြီး။        ။ ဆိုတော့ ပြဌာန်းခဲ့တဲ့ ဥပဒေတွေကအများကြီးပဲ တချို့ဟာတွေကတော့ အများပြည်သူနဲ့ လက်လှမ်းမမှီတဲ့၊ မသိနိုင်တဲ့ ဥပဒေတွေပေါ့၊ တချို့ဟာတွေကတော့ ဥပဒေကြမ်းအဆင့် ပါပဲ၊ ဆွေးနွေးနေဆဲ ရှိသေးတယ်၊ ဒါကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများနဲ့ ပတ်သက်တဲ့ဟာ ဆိုရင်တော့ အသင်းအဖွဲ့စည်း မျဉ်းနဲ့ ပတ်သက်တဲ့ဥပဒေဆိုတော့ ဒါအရင်ရှိခဲ့တဲ့ ဥပဒေတွေနဲ့ ယှဉ်ရင်တော့ တိုးတက်မှုအဆင့်တစ်ဆင့်ရောက်ခဲ့ တယ်ပေါ့၊ အထူးသဖြင့်တော့ မှတ်ပုံမတင်ရင် ပြစ်ဒဏ်အရေးယူမယ်ဆိုတာမျိုး မဟုတ်တာ့ဘူးပေါ့နော်၊မိမိဆန္ဒ အလျောက် မှတ်ပုံတင်ဖို့ ဆိုတဲ့အခြအနေ တစ်ခုရောက် လာတယ်၊ သို့သော်ကျနော်တို့ လက်တွေ့အလုပ်လုပ်တဲ့ အခါမှာ နယ်ကျော်တဲ့ ကိစ္စလိုဟာမျိုးနဲ့ ပတ်သက်ပြီးလို့ ကျနော်တို့ဖြည့်စွက်ပြီးတော့ ထပ်မံဆွေးနွေး ရဦးမယ်ဆိုတဲ့ ကိစ္စတွေ၊ တချို့ဟာတွေကတော့ ချွင်းချက်အနေနဲ့ ကျနော်တို့ပြဌာန်းပေးရမယ့် ကိစ္စမျိုးတွေတော့ရှိဦးမှာပေါ့၊ ဆိုတော့ အလားတူပဲ လယ်ယာမြေ အသုံးချခြင်းနဲ့ ပတ်သက်လို့ရှိရင်လဲ ဥပဒေ သူတို့ဆွေးနွေးတဲ့ အခါ မှာ အောက်ခြေလယ် သမား ထုရဲ့ပြဿနာတွေကို ဘယ်လောက်ထင်ဟပ်နိုင်သလဲ၊ ဘယ်လောက်ကိုယ်စားပြုသလဲ ဆိုတဲ့မေးခွန်းတွေလဲ ဆက်ပြီးရှိနေဆဲပဲပေါ့၊ နောက်အထင်ရှားဆုံးဆိုရင် ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့ ကျောင်းသားထု က ဆန္ဒပြနေတဲ့ကိစ္စတွေရှိတယ်၊ အစရှိသဖြင့် ဒါကျနော်တို့ နယ်ပယ်အသီးသီးမှာတော့ ဥပဒေအသစ်တွေပေါ်ထွန်း လာတာတွေရှိတယ်၊ ဒါပေမယ့်ဥပဒေရေး ဆွဲတဲ့၊ ဆွေးနွေးတဲ့ ဥပဒေကြမ်းတင်သွင်းတဲ့ ဖြစ်စဉ်တွေ အစအဆုံးမှာ လူထုရဲ့ ပါဝင်နိုင်မှုဘယ်လောက်ရှိသလဲဆိုတာကို ကျနော်တို့က ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ တိုင်းတဲ့အခါမှာကျတော့ လိုအပ်ချက်တွေ အမြောက်အမြားရှိနေဆဲပေါ့နော်၊ သို့သော်အရင်က ထိပ်ကနေစပြီးတော့ အမိန့်နဲ့ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်များနဲ့ လုပ်နေတဲ့ခေတ်ကထက်စာရင်တော့ ကျနော်တို့ဥပဒေတွေ ပြုစုပြဌာန်းလာနိုင်တာဟာ တိုးတက်မှုအဆင့် တစ်ခုကို ရောက် လာနိုင် တယ်လို့ပြောရမှာပေါ့။

ကိုကျော်သူ။                 ။ လာမယ့် ၁၂ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွေပြန်စလာမယ်ဆိုလို့ရှိရင်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေဆွေးနွေးကြမယ်၊ ဒီတစ်ဆက်တည်းမှာပဲပေါ့လေ ဘာသာကူးပြောင်းခြင်း ဆိုင်ရာကိစ္စတွေ၊ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာကိစ္စတွေ၊ နောက်သားဆက်ခြားခြင်းဆိုင်ရာကိစ္စတွေ၊ အဲ့ဒီလိုမျိုးဥပဒေကြမ်းတွေကိုလဲ လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးကြမယ်ဆိုတော့ ဒီကိစ္စတွေမှာ အရေးကြီးတဲ့အချက်အလက်တွေပေါ့လေ ဘယ်ဟာတွေကဖြစ့်သင့်သလဲ၊ ဦးကိုကိုကြီးအနေနဲ့ ဘယ်လောက်များ သုံးသပ်မိပါသလဲ။

ဦးကိုကိုကြီး။        ။ လွှတ်တော်ကျင်းပနေဆဲမှာ ဥပဒေတစ်ခုထက်မကတင်သွင်းတာတွေ ဆွေးနွေးတာတွေ ရှိနေမှာပဲ၊ဒါက လွှတ်တော်ရဲ့သဘာဝပဲ၊ အဲ့ဒီထဲမှာမှ အရေးကြီးတဲ့ ဥပဒေကြမ်းပေါ့၊ အထူးသဖြင့်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းဆိုရင် အခြားဥပဒေအားလုံးထက် အရေးကြီးတယ်၊ ဒါကြောင့်မို့လို့လဲ တင်သွင်းတဲ့အခါမှာ အခြားအဆိုများနဲ့ မရောနှောပဲ၊ ရောတင်လို့မရဘူး၊ သူ့ချည်းပဲသက်သက် တင်ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကိုကျတော့ လွှတ်တော်၂ ရပ်ပေါင်း၊ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတာကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာဥပဒေကြမ်းဟာ အခြားခြားသောဥပဒေကြမ်းများထက် အလေးအနက်ထားပြီးတော့ အရေးပေးဆွေးနွေးဖို့အတွက်ကို တည်ဆဲဥပဒေအရ သတ်မှတ်ထားတာကို ကျနော်တို့သတိပြုရမယ်၊ အလေးအနက်ထားရမယ်လို့မြင်ပါတယ်။

ကိုကျော်သူ။                 ။ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ကို ဒါမီးစိမ်းပြ လိုက်တယ်ပေါ့လေ၊ ဒါပေမယ့် သမ္မတတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ ဒါလိပ်ခဲတည်းလဲဖြစ်နေတယ်၊ သူတို့တွေ တွေ့ဆုံဖို့ မရေရာသေးတဲ့ အချိန်ဖြစ်နေတယ်၊ နိုင်ငံအတွက်အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံကြမယ် ဆိုတော့လေ ဘယ်လိုအခြေအနေမျိုးဖြစ်လာရင် အကောင်းဆုံးဖြစ်မယ်လို့ ဦးကိုကိုကြီးအနေနဲ့ မြင်မိလဲဗျ၊

ဦးကိုကိုကြီး။        ။ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ ယဉ်ကျေးမှု ထွန်းကားအောင်လုပ်ရမယ် ဆိုတာကို သမ္မတရဲ့ မိန့်ခွန်းတွေမှာလဲပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုလဲ ၈၈ ထဲကတောက်လျှောက် တောင်းလာ တာပေါ့နော်၊ ဆိုတော့ တိုင်းရင်းသားတွေဖက်ကလဲ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးနည်း နဲ့ ဆွေးနွေးဖြေရှင်းဖို့ဆိုတာ တစ်လျှောက်လုံးတောင်းလာတော့ တွေ့ဆုံဆွေးနွေးမှုဆိုတာနဲ့ ပတ်သက်လို့ဘယ်သူမှ မငြင်းနိုင်ဘူး၊ အခုငြင်းနေတာ ဘာလဲဆိုတော့ ဒီဇိုင်းပေါ့၊ တွေ့ဆုံဆွေးနွေးမှုကို ဘယ်လိုလုပ်မှာလဲ၊ ဘယ်သူနဲ့လုပ်မှာ လဲဆိုတဲ့ အပေါ်မှာငြင်းနေတာ၊ အဲ့တော့ဘာကို ပြနေလဲဆိုတော့ တစ်ဖက်ကတင်ပြတဲ့ဟာကို တစ်ဖက် က တွေ့ဆုံဆွေးနွေးမှုကို မငြင်းဘူး၊ ကမ်းလှမ်းတဲ့ဒီဇိုင်းကို ငြင်းတယ်ဆိုတဲ့ပုံစံမျိုးတွေ ကျနော်တို့တွေ့နေရပါတယ်၊ ဒါအနီးဆုံးသမိုင်းကိုပြန်ပြောရင် ၄ ပွင့်ဆိုင်တောင်းတယ်၊ ဟိုဖက်က ၁၄ ပွင့်ကိုပြန်တောင်းတယ်၊ အဲ့ဒီချိန်မှာ ၆ ပွင့်နဲ့ ပြန်တုန့်ပြန်တယ်၊ အဲ့တော့ ဟိုဖက်ကနေဒါကို မအီမလည်ဖြစ်နေတယ်ပေါ့၊ ဘက်အသီးသီးကသူရဲ့ ယုတ္တိပေါ့၊ အကြောင်းပြချက်တွေကို တည်ဆောက်ထားတာတွေဟာလည်း သူ့အကြောင်းပြချက်နဲ့ သူကတော့ရှိနေတယ်၊ ဥပမာ အဓိက အကြောင်းအရာကတော့ ဘာလဲဆိုတော့ ကိုယ်စားပြုမှုပြဿနာပေါ့၊ ဆိုတော့ ဘယ်နှစ်ပွင့်ဟာ နိုင် ငံရေးပြဿနာတွေကိုဖြေရှင်းဖို့ ကိုယ်စားပြုသလဲ၊ ဆိုတဲ့ဟာကို ဒါကိုအကြောင်းပြပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်ခြေ ဖျက်နေတယ်လို့ မြင်တယ်၊ အဲ့ဒါဘာပြနေလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုအားနည်းတဲ့ပြဿနာကို မီးမောင်းထိုးပြနေတယ်လို့ကျနော်မြင်တယ်၊

ကိုကျော်သူ။                 ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ကိုလဲ နိုင်ငံရေးပါတီတွေ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တို့ကလဲ ဒါအခုတည်းကစတင်ပြီး ပြင်ဆင်နေကြတယ်ပေါ့လေ၊ ဦးကိုကိုကြီးတို့အနေနဲ့လဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက်ကို ဘာတွေများပြင်ဆင်နေလဲ၊ တစ်ဆက်တည်းမေးခွန်းမေး လိုက်မယ်ပေါ့ဗျာ ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို ဦးကိုကိုကြီးအနေနဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ကို အစီအစဉ်များရှိလား ဆိုတာလေးလဲ ပြောပြပေးပါဦး။

ဦးကိုကိုကြီး။        ။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကျတော့ အခြေအနေတွေကပိုပြီးတော့ သိမ်မွေ့လာတယ်၊ သိမ်မွေ့လာတယ်ဆိုတာက တစ်ခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်လာတယ်၊ ကျနော်တို့ ၈၈ မျိုးဆက်အနေနဲ့ ဆိုရင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နောက်ကျနော်တို့ဆိုရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ပါ ဆွေးနွေး ညှိနှိုင်းပြီးတော့ ပြင်ဆင်ဖို့ကြိုးစားခဲ့တယ်၊ လက်မှတ်တွေစုဆောင်းခဲ့တာလဲ ၅ သန်းလောက်ကျနော်တို့ လွှတ်တော်ကို တင်ပြထားတယ်၊ ဆိုတော့ ကျနော်တို့ အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတာက ဒီ ၅ သန်းကတစ်ကယ်သာ ကျနော်တို့မှာ လုပ်ပိုင်ခွင့်အပြည့်လွတ်လွတ်လပ်လပ် ခြိမ်းခြောက်မှုမရှိသာ လုပ်ရမယ်ဆိုရင် ကျနော်တို့က ယုံကြည်တယ်၊ ဒီထက်မကကို ကျနော်တို့ လက်မှတ်တွေအများကြီးရနိုင်တယ်။ စုဆောင်းနိုင်တယ်၊ ဆိုတော့ အခုဒီ ပြည်သူတွေရဲ့ဆန္ဒကို အခုလာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းတဲ့ အခါမှာ ဘယ်လောက်အလေးအနက်ထားမယ်ဆိုတာကို ကျနော်တို့ကစောင့်ကြည့်နေတယ်၊ ဆိုတော့ အဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့တင်မဟုတ်ဘူးပေါ့လေ၊ အခြားနိုင်ငံရေးပါတီ အချို့လဲပဲ ရွေးကောက်ပွဲကို ဘယ်လို သဘောထားမလဲဆိုတာကို စဉ်းစားနေကြတာရှိတယ်၊ အဲ့တော့ကျနော်တို့ အနေနဲ့လဲ ဒါဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဖြစ်လာမယ့်အကျိုးဆက်တွေပေါ့နော်၊ အဲ့ဒါတွေကို ကျနော်တို့လဲ လေ့လာနေတဲ့အတွက်ကြောင့် အခုချိန်မှာတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှထုတ်မပြောသေးဘူး၊ နောက် တစ်ခုကတော့ ကိုယ်တိုင်ရွေးကောက်ပွဲဝင်မလားနဲ့ ပတ်သက်လို့ ကျနော်တို့ မကြာခဏလဲမေးမြန်းခံရတယ်၊ ကျနော်ဆိုရင် လွှတ်တော်နိုင်ငံရေးလုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသား၊ ဒါကျနော် လူသိရှင်ကြားလဲပြောထားပြီးသား၊ ကျနော်တို့ ဆုံးဖြတ်ချက်တိုင်း၊ ဆုံးဖြတ်ချက်တိုင်းပေါ့ ကျနော်တို့ ရွေးချယ်မှုတိုင်းဟာ နိုင်ငံရေးအရလက်ရှိ ရှိနေတဲ့ အခင်းအကျင်းပေါ်မှာ ဘာတွေသက်ရောက်လာမလဲဆိုတာကို ချိန်ဆနေတဲ့ အတွက်ကြောင့် ကျနော်တို့ ခုလက်ရှိ ကျနော်တို့ ထုတ်မပြောသေးတာ၊ ကျနော်တို့ နိုင်ငံအပြောင်းအလဲမှာ ၈၈ မျိုးဆက်သစ်တွေရဲ့အခန်းကဏ္ဍပေါ့၊ ဒီနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲ အထူးသဖြင့် လွှတ်တော်ရဲ့နိုင်ငံရေးကို အားကောင်းခိုင်မာလာဖို့အတွက်မှာ ကျနော်တို့ တတ်နိုင်သလောက် ဝင်ရောက်ဆောင်ရွက်မယ်ဆိုတာကတော့ ကျနော်တို့မှာ ဒီသဘောထားရှိနေပြီးသား၊ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မယ်၊ ဘယ်အချိန်မှာ ဆောင်ရွက်မယ်ဆိုတာကိုတော့ ကျနော်တို့ကြားထဲမှာလဲ အကျိပ်အနယ်ကျနော်တို့ ဆွေးနွေးနေကြတုန်းပဲရှိသေးတယ်၊

ကိုကျော်သူ။                 ။ အခုလိုဖြေကြားပေးတဲ့ ဦးကိုကိုကြီး ကိုကျေးဇူးအများကြီးတင်ပါတယ်။

ဦးကိုကိုကြီး။        ။ ဟုတ်ကဲ့၊ ကျနော်လဲကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။