ကိုဗစ်ကို မကြောက်တဲ့ မြန်မာပြည်သူများ

2021-03-12
Share

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ တောရောမြို့ပါမကျန် စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပါတယ်။ အခုကာလဟာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလဖြစ်လျက်နဲ့ သန်းနဲ့ချီတဲ့ လူထုကြီး ဘာကြောင့် လမ်းပေါ်ထွက်လာတာပါလဲ။

ဆရာဝန်- “ဆရာဝန်တွေက ဒီစစ်အာဏာရှင်စနစ်ကြီးကို ဘယ်လိုမှ မနေနိုင်ပါဘူး။ ညီမတို့ရဲ့ စီနီယာတွေ အကြီးတွေအကုန်လုံးကလည်း သူတို့နှစ်ရှည်လများရင်းနှီးထားတဲ့ဟာတွေ အကုန်လက်လွှတ်ပြီးတော့ CDM မှာ ပါဝင်နေကြတာပါ။ ဒီလိုနိုင်ငံရေးမတည်မငြိမ်မှုဖြစ်လာတော့ စစ်အာဏာရှင်အောက်မှာလည်း မခံနိုင်ဘူး။ မတရားမှုကိုလည်းမခံနိုင်ဘူး။ ကိုဗစ် ရှိလျက်နဲ့ အကုန်လုံးလမ်းထွက်လာကြတာပါ။ ကိုဗစ် ထက် စစ်အာဏာရှင်စနစ်က ပိုဆိုးနေပါတယ်။ ကိုဗစ်က ထိန်းလို့ရပါသေးတယ်။ စစ်အာဏာရှင်စနစ်သာ အောင်မြင်သွားပြီဆိုရင်တော့ ညီမတို့ရဲ့အနာဂတ်တွေက လုံးဝပျောက်သွားမယ်ထင်လို့ပါ။”

ဆရာဝန်- “ကိုဗစ်ကူးတာမကူးတာထက် ကျွန်တော်တို့နိုင်ငံက ခုချိန်မှာ Emergency အခြေအနေရှိနေတဲ့အတွက်ကြောင့် နိုင်ငံကိုပဲအရင်ကယ်ရမယ်လို့တော့ ခုချိန်မှာတော့ အဲ့ဒါတစ်ခုပဲ ခေါင်းထဲမှာရှိတယ်ခင်ဗျ။”

ကျောင်းဆရာ - “စစ်အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ဝန်ထမ်းတွေလည်း မလိုဘူး။ စစ်အာဏာရှင်သိမ်းတဲ့နေရာမှာ ကျွန်တော်တို့ပညာရေးဝန်ထမ်း သိက္ခာကိုမြင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ လမ်းပေါ်ထွက်လာရခြင်းဖြစ်တယ်။”

ဆန္ဒပြပြည်သူ - “COVID-19တုန်းက ကျွန်တော်တို့အကုန်လုံး အိမ်မှာနေပြီးတော့ Social Distancing တွေနဲ့ အကုန်နေလို့ရတယ်။ ဒီဟာကြီးကတော့ ကျွန်တော်တို့ လမ်းပေါ်ထွက်ပြီးတိုက်မှ သူတို့ကို အနိုင်ရမယ်ပေါ့ အဲ့လိုမျိုးယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အကုန်လုံးလမ်းပေါ်ထွက်လာခဲ့ရတာပါ။ ကိုဗစ် ဖြစ်မှာထက်စာလို့ရှိရင် ကိုဗစ်က ဖြစ်ပြီးသွားလို့ ၁၄ ရက်နေလို့ရှိရင် ပြန်ကောင်းသွားနိုင်တယ်။ ဒါကြီးက နှစ်သုံဆယ်လား၊ ဘာလား ခဏလေးနဲ့ မပြီးသွားဘူးပေါ့။ ကိုဗစ်ဖြစ်လို့က ဆေးပြန်ကုစားလို့ရတယ်။ ဒီကောင်တွေက ဆေးကုစားလို့မရဘူး။အဲ့ဒါကြောင့်မို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရတာပါ။”

ဆန္ဒပြပြည်သူ (အစ္စလာမ်ဘာသာဝင်) - ကိုဗစ်ရောဂါရှိပေမယ့်လည်း ကျွန်တော်တို့က ကိုဗစ်ရောဂါကြောက်လို့မရတော့ဘူး ပြည်သူလူထုတစ်ယောက်အနေနဲ့ ကျွန်တော်တို့က ဝန်းရံမှရတော့မယ်။ ဘာသာအရလည်း အကြောင်းမဟုတ်ဘူး၊ လူမျိုးအရလည်း အကြောင်းမဟုတ်ဘူး၊ လူမျိုးရေးဖြစ်တာလည်းမဟုတ်ဘူး၊ ဘာသာရေးဖြစ်တာလည်းမဟုတ်ဘူး ဒါနိုင်ငံရေးဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီနိုင်ငံမှာကြီးတယ် ဒီနိုင်ငံရဲ့ဆန်ကိုစားခဲ့တဲ့အတွက် ဒီနိုင်ငံမှာကြီးပြင်းတဲ့အတွက် ပါဝင်သင့်တယ်လို့ထင်လို့ပါဝင်ကြတာ။”

ဆန္ဒပြပြည်သူများအား လှူဒါန်းသူ - “လူတွေလမ်းထွက်တာ ကိုဗစ်ထက်ကြောက်လို့ပေါ့။ ဒီစစ်အစိုးရကို ပိုကြောက်လို့ပေါ့။ သူ့ထက်ကြောက်စရာကောင်းတာ ဘာမှမရှိတော့ဘူး။ နောက်တစ်ကြိမ်လည်း ဒီဒုက္ခကြီးကို ပြန်မခံစားနိုင်ဘူး။”

ဆန္ဒပြပြည်သူ - “ကိုဗစ်ထက်ပိုပြီးတော့ စစ်အာဏာရှင်စနစ်ဆိုတာကြီးက ပိုပြီးကြောက်ဖို့ကောင်းလို့ပါရှင့်။”

ဆန္ဒပြပြည်သူ - “ကိုဗစ်ဖြစ်မှာထက် အာဏာရှင်စနစ်က အုပ်စိုးသွားမှာပိုကြောက်တယ်။ အာဏာရှင်စနစ်က သမီးတို့အနာဂတ်တွေကို ဖျက်ဆီးနိုင်တဲ့အတွက်ကြောင့်မို့ ကိုဗစ်ထပ် ပိုပြီးကြောက်ရတယ်။”


၁၀ တန်းကျောင်းသူ - “အခုဒီမိုကရေစီစနစ်မှာ ပညာရေးစနစ်ပါပြောင်းလဲထားတယ်။ အာဏာရှင်စနစ်ကဟာတွေပါ ပြောင်းလဲထားတယ်လေ။ အဲ့ဒါကြောင့် ဒီမိုကရေစီစနစ်ကို သမီးတို့အတွက် ပိုပြီးကောင်းမယ်ထင်တာ။”

ဆန္ဒပြပြည်သူ - “ကိုဗစ်ထပ်စာလို့ရှိရင် ဒီအာဏာရှင်စနစ်ဆိုးဝါးမှုကြောင့် ကျွန်တော်တို့လမ်းပေါ်ကို ထွက်လာရခြင်းဖြစ်ပါတယ်။”

ဆိုက်ကားဆရာ - “ဒီကိုဗစ်ကာလတစ်လျောက်လုံးမှာလည်း အစိုးရလုပ်ပေးခဲ့တဲ့ ကျွန်တော်တို့အပေါ်စာနာခဲ့တဲ့ အထောက်အထားတွေနဲ့ပတ်သက်ပြီးတော့ သူတို့လုပ်သွားတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့က သူတို့ကို လုံးဝအယုံအကြည်မရှိပါဘူး။”

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁သိန်းခွဲလောက် ရောဂါဖြစ်ပွားခဲ့ပြီး လူပေါင်း ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပေမယ့် ယနေ့လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်တွေက ဘာတွေပါလဲ။

ကျောင်းဆရာ - “စစ်အာဏာသိမ်းပြီးဆိုတော့ ကိုဗစ်ကိုလည်း ကျွန်တော်တို့ အရင်ဦးဆုံးကြည့်တယ်။ သို့သော် ကိုဗစ်ကိုကြောက်နေရင် ဒီအလုပ်မလုပ်ဖြစ်တော့ဘူး။ ဒီအလုပ်မလုပ်ဖြစ်ဘူးဆိုတာနဲ့ အာဏာရှင်က ပြန်ပြီးအမြစ်တွယ်သွားမှာပဲ။ သူကလည်းအမြစ်တွယ်မယ်ဆိုတာ ၂၀၀၈ ကရှိနေတာကို။”

ဆန္ဒပြပြည်သူ - “ကိုဗစ်ကတော့ မကြောက်ဘူး စစ်အာဏာရှင်စနစ်ကိုပဲကြောက်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ။”

ဆန္ဒပြပြည်သူများအား လှူဒါန်းသူ - “အကြောက်အလန့်တရားတွေနဲ့ အကုန်လုံးက ရုန်းထွက်ဖို့ကြိုးစားနေကြတာ ပြည်သူပြည်သားတစ်ယောက်တိုင်းစီမှာမေးရင် အဲ့ဆန္ဒက တစ်ထပ်တည်းကျမှာ အန်တီတို့တွေဆို ၈၈ ထိ မှီခဲ့တဲ့သူတွေဆိုတော့ အရမ်းကြောက်ခဲ့ရတယ်။ ကြောက်ခဲ့ရတဲ့သူတွေတောင် လမ်းပေါ်ရောက်တယ် ဆိုတော့ ဒီအကြောက်တရားကို တွန်းလှန်ချင်လို့ပဲ ဒီစစ်အစိုးရကိုလည်း မုန်းလို့ပဲ။”

LGBT – “ဒီအချိန်မှာ ကိုဗစ်ကိုကြောက်နေလို့ရှိရင် အိမ်မှာပဲနေလို့ရှိရင် သူ့ရဲ့လက်အောက်ကိုရောက်သွားမှာစိုးလို့ ပြည်သူလူထုတွေက ကိုဗစ်ကိုမကြောက်တော့ဘူးကွာ။ အခုချိန်မှာ စစ်အာဏာရှင်ကို ချေမှုန်းနေကြတယ်လေ။ ပြည်သူထဲကပြည်သူအနေနဲ့ ကျွန်မတို့လည်း အပြင်ထွက်ပြီးတော့ ဆန္ဒပြပါတယ်ရှင့်။”

ဆန္ဒပြပြည်သူ(အစ္စလမ်ဘာသာဝင်) –“နိုင်ငံရေးကတော့ လူတိုင်းနဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့လည်း အစ္စလမ်ဘာသာဝင် ဖြစ်ပေမယ့်လည်း ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ဘာသာကွဲနေတာကလွဲလို့ အကုန်လုံးက မြန်မာနိုင်ငံသားတွေပါပဲ။ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံရှိပါတယ်။ အကုန်လုံးနဲ့ ဆိုင်တယ်ထင်လို့ ဝင်ပါတာပါ။ မှန်ကန်တဲ့ ဒီမိုကရေစီကိုလိုချင်တယ်ပေါ့။ ပြည်သူတင်တဲ့ သမ္မတကိုပဲ ကျွန်တော်တို့လက်ခံချင်တယ်။”

ဆန္ဒပြပြည်သူများအား အားပေးထောက်ခံသူ - “အာဏာရှင်ကို ပိုကြောက်နေရတယ်။ သူတို့ကသေနတ်ရှိတယ်လေ။ ကိုဗစ်က ဒီလောက်မဟုတ်ဘူး မကြောက်ရဘူး။ သူက ကာကွယ်ထားပြီးနေလို့ရတယ်။ အာဏာရှင်က လက်နက်ရှိတယ်လေ။ အဖွားတို့က သေနတ်မရှိဘူး။ သေနတ်မရှိတော့ သူတို့ကိုပိုကြောက်နေရတယ်။ စစ်တပ်ကအာဏာသိမ်းတာကို အဖွားကမကြိုက်ဘူး။ ပြည်သူတွေကို နိုင်စေချင်တယ်။ ပြည်သူတွေကို အားပေးချင်လို့ အခုအိမ်ကနေ မနေဘဲနဲ့ လမ်းကိုထွက်ပြီးအားပေးတယ်။”

COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ ကာကွယ်လို့ ကုသလို့ ရနိုင်တဲ့ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံရမှာထက် အနာဂတ်မျိုးဆက်တွေအတွက် အခုလိုဆုံးဖြတ်ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ကျောင်းဆရာ - ”ကျွန်တော်တို့က ဝန်ထမ်း လုပ်ရင်ကျွန်တော်တို့က အထိနာမယ့်ကောင်တွေ။ သို့သော် ကျွန်တော်တို့နာပလေ့စေ။ နောက်မျိုးဆက်ကိုတော့ ကျွန်တော်တို့မသယ်သွားချင်ဘူး။ ကျွန်တော်တို့အလှည့်မို့လို့ ကျွန်တော်တို့ တာဝန်ကျေချင်တယ်။”

ဆန္ဒပြပြည်သူ - “ကိုဗစ်ကတော့ဖြစ်မှာပဲ ကျွန်တော်တို့အကုန်လုံး တစ်နေ့သေရမှာပဲလေ။ အာဏာရှင်စနစ်အောက်မှာ နောက်ထပ်မျိုးဆက်တွေဆက်ပြီးတော့ မရှင်သန်စေချင်တော့ဘူး။”

ဆန္ဒပြပြည်သူ - “အခုလမ်းပေါ်ထွက်လာတဲ့အကြောင်းအရင်းက COVID-19 ထက် အာဏာရှင်ကပိုကြောက်ဖို့ကောင်းလို့ ကျွန်တော်တို့ လမ်းပေါ် ထွက်လာခဲ့ရတာပါ။ သူတို့မျိုးဆက်တွေမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုမျိုး ခံစားရမှာစိုးလို့ ကျွန်တော်တို့ကိုယ်တိုင်ထွက်ပြီး တွန်းလှန်နေရတာပါ။ စစ်အာဏာရှင်စနစ်ကိုကြောက်လို့ ကလေးတွေရဲ့ပညာရေးအတွက် ရှေ့ရေးပေါ့။ စစ်အာဏာရှင်ရဲ့ခေတ်မှာဆို ဒီကလေးတွေရဲ့ပညာရေးက မတိုးတက်နိုင်ဘူး။”

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေဆဲကာလမှာ လူစုလူဝေးဖြစ်ပွားတာဟာ အသက်တွေနဲ့ရင်းထားရတာပါပဲ။ ကျန်းမာရေးအရ ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာသိပေမယ့် သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ နိုင်ငံအတွက် ဘယ်လောက်အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်မလဲဆိုတာကတော့ ကြီးမားတဲ့မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့