ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူတွေရဲ့ အခက်အခဲ

မင်းသိန်းအောင်
2020.02.04

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြသူတွေ အထဲက နေရပ်ပြန်လာသူတွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာပါ။

ပဋိပက္ခဖြစ်စဉ်တွေအတွင်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ကြရတာကြောင့် သူတို့နေရပ်ကို ပြန်လာကြချိန်မှာ နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြရပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုချော်ဘီဟာ ၂၀၁၇ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်‌တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သန်ခါလီဒုက္ခသည်စန်းမှာ အချိန် နှစ်နှစ်ခွဲလောက် နေထိုင်ခဲ့ရာကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ တောင်ပြိုနယ်စပ်ဂိတ်ကနေတဆင့် ပြန်ဝင်လာသူဖြစ်ပါတယ်။

သူဟာ ဥဒေါင်းကျေးရွာမှာ နေထိုင်ခဲ့သူဖြစ်ပြီး အခုတော့ အိမ်တွေမရှိတော့တဲ့ ရွာပျက်ကြီးကိုသွားကြည့်ပြီး စိတ်ဖြေလေ့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြို့ပေါ်မှာ ဖြစ်သလို အိမ်ငှားနေရပေမယ့် မြို့ပေါ်မှာ နေသားမကျတာကြောင့် လူအချို့ကိုစုစည်းပြီး မူလနေရာမှာပဲသွားနေဖို့ ကိုချော်ဘီက စိတ်ကူးနေပြီးတော့ တခြားသူတွေကိုလည်း မူလနေရာပြန်ရေး စည်းရုံးနေပါတယ်။

“ဥဒေါင်းရွာကိုသွားရင် တော်တော်သတိရပါတယ်။ အိမ်ယာမဲ့နေတဲ့ရွာလေးပေါ့။ ကျနော်က အခုဆိုလည်း အခုရွာကို ပြန်သွားချင်တယ်။ ဥဒေါင်းကိုပြန်မယ်ဆိုပြီးတော့ ကျနော်က အခုရွာသားတွေကိုတောင် စုစည်းနေပါတယ်။ အခုပဲပြန်ချင်နေတာ။ ငါးအိမ်၊ ဆယ်အိမ်လောက်ဖြစ်ရင်တောင် ကိုယ့်ရွာကိုပြန်မှာပါ။ အခုဒီမှာက သူများနေရာလည်း ဖြစ်တယ်။ ပြီးတော့ အိမ်ငှားပြီးတော့ နေရတယ်။ စရိတ်တွေလည်း ဒီမှာက တော်တော် များတယ်။ အဲဒါကြောင့် တော်တော်အခက်အခဲကြုံနေရတယ်။ ရောက်ကတည်းက အခက်အခဲတွေကြုံနေရတာ”


အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြသူ အရေအတွက်ဟာ ငါးသိန်းကျော် ဖြစ်ပြီး အဲဒီအထဲက ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ မြန်မာဘက်က ပြန်လည်လက်ခံထားသူအရေအတွက်ဟာ ၆၂၄ ဦးရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီအရေအတွက်ဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ပြန်လာကြသူတွေမဟုတ်ဘဲ မောင်တောဒေသ အုပ်ချုပ်ရေးအဖွဲ့တွေထံကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လာကြသူတွေ ဖြစ်ပါတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ကပြောပါတယ်။

မြန်မာဘက်က ပြန်လည်လက်ခံထားသူ ၆၀၀ ကျော်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ ထွက်ခွာရာကနေ မြန်မာရေတပ်က ကယ်တင်ခဲ့သူတွေထဲက လူပေါင်း ၂၅၀ လောက်ကိုလည်း ပြန်လည် လက်ခံရေးစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

ပြန်လည်လက်ခံထားသူတွေကို အစိုးရက စားနပ်ရိက္ခာအထောက်အပံ့တွေ ပေးထားပါတယ်။

လူအနည်းငယ်နဲ့ သူတို့ရဲ့ မူလနေရာတွေမှာ အိမ်ဆောက်ပြီးသွားနေဖို့ကလည်း လုံခြုံရေးစိတ်မချရတာကြောင့် မပျက်စီးဘဲကျန်နေခဲ့တဲ့ ရွာတွေက အိမ်တွေ၊ ဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြရသလို မြို့ပေါ်မှာ အိမ်ငှားပြီး ဖြစ်သလိုနေထိုင်နေကြရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အချိန်တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကိုမာမတ်ရှော်ရိ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကျော်လောက်က မြန်မာဘက်ကအာဏာပိုင်တွေထံ ဆက်သွယ်ပြီး ပြန်ဝင်လာခဲ့သူဖြစ်ပါတယ်။

သူဟာ မူလက တောင်ပြိုလက်ဝဲမြို့နယ်ခွဲ မီးတိုက်အုပ်စုမှာ နေထိုင်ခဲ့သူဖြစ်ပြီး အခုတော့ မောင်တောမြို့ပေါ်မှာ အိမ်ဆက်ငှားပြီးနေဖို့ အခက်အခဲတွေဖြစ်နေပါတယ်။

“တစ်လကို အိမ်ငှားခငွေတစ်သိန်းနှုန်းနဲ့ပေးဖို့ အဲလောက်ထိ စွမ်းအားလည်းမရှိဘူး။ စွမ်းအားမရှိပေမယ့်လည်း ကိုယ့်အမျိုးသမီးမှာရှိတဲ့ လက်ဝတ်လက်စားတွေကိုရောင်းပြီး တဖြည်းဖြည်း အိမ်ငှားခပေးရင်းနဲ့ အခုတော့ ကုန်ခါနီးပါပြီ”

သူနေထိုင်ခဲ့တဲ့ ရွာသွားနေဖို့စိတ်ကူးပေမယ့် အိမ်တွေမရှိတော့တဲ့ ရွာပျက်ကြီးမှာ မိသားစုတစ်စုတည်းသွားနေဖို့ မဖြစ်နိုင်တဲ့အတွက် မြို့ပေါ်မှာဖြစ်သလိုနေထိုင်နေရတာလို့ သူကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ မြန်မာပြည်ဘက်ကို ပြန်ဝင်လာချင်သူတွေ အများအပြားရှိပေမယ့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စနစ်တကျ ဆောင်ရွက်မှုမရှိတာအပြင် အာဆာအကြမ်းဖက်သမားတွေက နေရပ်ပြန်လိုသူတွေ ကို ခြိမ်းခြောက်မှုတွေရှိနေတာတွေက နေရပ်ပြန်လိုသူတွေအတွက် အခက်အခဲတွေဖြစ်နေရတယ်လို့ ပြန်လည် ဝင်ရောက်လာသူအချို့က ဆိုပါတယ်။

မောင်တောဒေသကို မိသားစုနဲ့အတူ ပြန်လည်ဝင်ရောက်လာသူတစ်ဦးဖြစ်တဲ့ ဦးနူရူမိုဟာမတ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့သမီးနဲ့ သားမက်ဟာ မြန်မာပြည်ကို ပြန်ဝင်လာချင်ပေမယ့် အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

ဖြစ်နိုင်ရင် ချက်ချင်းပြန်ဝင်ချင်နေကြတာလို့ ဦးနူရူမိုဟာမတ်က ပြောပါတယ်။

“ကျနော့်သမီးက မိဘတွေကို အများကြီးစိတ်ပူပါတယ်တဲ့။ မိဘတွေကို ဘယ်လိုနည်းလမ်းနဲ့ ပြန်တွေ့နိုင်မလဲ၊ မိဘတွေကိုတွေ့နိုင်ဖို့ မြန်မာဘက်ကို ဘယ်လိုဝင်လို့ရမလဲ အဲဒါကို အဖေ လမ်းကြောင်းသိရင်ပြောပါလို့ သမီးက ဖုန်းနဲ့ပြောတယ်။ သူကတော့ ခိုးပြီးတော့မှ မြန်မာဘက်ကို ဝင်လာမယ်လို့ပြောတယ်။ အဲဒါကို ကျနော်ကတော့ လက်ခံရေးစခန်းကနေ တရားဝင် ဝင်လာဖို့နဲ့ ခိုးပြီးတော့ မဝင်လာဖို့ အမြဲပြောနေရတယ်။ ဒီနေ့ရရင် ဒီနေ့ပြန်လာချင်နေကြတာ”


ဦးနူရူမိုဟာမတ်ဟာ မောင်တောမြောက်ပိုင်း ဇင်ပိုင်ညာအုပ်စုမှာ နေထိုင်ခဲ့သူဖြစ်ပြီး အခုသူတို့ရွာမှာ ဘယ်သူမှ မရှိတော့တာကြောင့် မြို့ပေါ်မှာနေပြီး ကြုံရာ ကျပန်းလုပ်ကိုင်နေသူဖြစ်ပါတယ်။

မြန်မာဘက်က ပြန်လည်လက်ခံထားသူတွေထဲမှာ မြို့ပေါ်မှာ ဖြစ်သလို နေထိုင်နေကြရသူတွေရှိသလို ဆွေမျိုးတွေရှိတဲ့ရွာတွေမှာ သွားရောက်နေထိုင်ကြသူတွေလည်း ရှိပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ပဒင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမာမတ်ဟာဆောင်းက သူတို့ရွာမှာရှိနေတဲ့ နေရပ်ပြန်ဝင်လာသူ မိသားစု ၇ စုအတွက် နေအိမ်ဆောက်ပေးဖို့တင်ပြထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ ပြန်လည်လက်ခံရေးစခန်းကနေဝင်လာတဲ့ မိသားစု ခုနှစ်စုလောက်ရှိပါတယ်။ ကျနော်တို့ ရွာမှာလာပြီးတော့နေနေတာ။ သူတို့ကိုတော့ အစိုးရအစီအစဉ်နဲ့ အိမ်ဆောက်ပေးမယ်လို့ ပြောပါတယ်။ ကျနော်လည်း စာရင်းတွေတင်ပြထားတယ်။ ဆောက်ပေးဖို့အစီအစဉ်ရှိပေမယ့် အခုလောလောဆယ်တော့ မရသေးပါဘူး”

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ပြန်လည်ဝင်ရောက်လာသူတွေ ယာယီနေထိုင်ဖို့ အဆောင်တွေအဆင်သင့်ရှိပေမယ့် ကာယကံရှင်တွေရဲ့ဆန္ဒအရ အခုလိုလတ်တလော စီစဉ်ထားရတာလို့ ဆိုပါတယ်။

“အမှန်တကယ်က ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ဆန္ဒကို ကျနော်တို့က အလိုလိုက်ထားတာ။ တကယ်လို့ နေစရာမရှိဘူး၊ အိမ်ငှားလည်းမနေချင်ဘူးဆိုရင် လှဖိုးခေါင်မှာ နေရာချပေးလို့ရတယ်။ သူတို့က လှဖိုးခေါင်မှာ လည်း မနေချင်ဘူးဆိုလာတဲ့အတွက်ကြောင့် ကျနော်တို့က ဒီလိုပဲစီစဉ်လိုက်ရတာ။ အမှန်ဆို သူတို့ကို လှဖိုးခေါင် မှာထားမယ်။ သူတို့နေမယ့်နေရာတွေမှာ အိမ်တွေ အတည်တကျဆောက်လုပ်ပြီးတော့မှ နေရာချပေးရမှာ။ ဒါပေမဲ့ သူတို့က လှဖိုးခေါင်မှာလည်း မနေချင်ဘူး၊ အကြာကြီးမနေချင်ဘူးဆိုလာတဲ့အတွက်ကြောင့် လတ်တလောမှာ သူတို့ဆန္ဒအတိုင်း လုပ်ပေးထားရတာ”

အိမ်ငှားပြီးနေထိုင်နေရတာအပြင် ဆွေမျိုးတွေအိမ်မှာ နေထိုင်နေရတဲ့အခြေအနေတွေအတွက်လည်း အစိုးရအဖွဲ့ထံတင်ပြထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေကြတဲ့ မွတ်စလင်တွေဘက်ကတော့ သူတို့ကိုနိုင်ငံသားအဖြစ် သတ်မှတ်ဖို့၊ သူတို့မူလနေထိုင်ခဲ့နေရာတွေမှာ ပြန်လည်နေရာချထားဖို့နဲ့ သူတို့လုံခြုံရေးအတွက် အာမခံချက်တွေ ပေးဖို့ စတဲ့အချက်တွေကို လိုက်လျောမှသာ မြန်မာပြည်ကို ပြန်ဝင်လာမယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။