ရခိုင်မြောက်ပိုင်းက လယ်ယာစိုက်ပျိုးရေး အခက်အခဲ

နီမင်းထွန်း
2020.10.16

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်မိုးရာသီ ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ယာမြေဧက ငါးသောင်းနဲ့အထက်ရှိခဲ့ပြီး စိုက်ပျိုးထားတဲ့ စပါးတွေကိုလည်း စစ်ပွဲတွေကြောင့် အပြည့်အဝ မရိတ်သိမ်းနိုင်မှာကို တောင်သူတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအများအပြားဟာ ကျေးရွာတွေကိုစွန့်ခွာပြီး စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေပြင်းထန်တာ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့် အခုနှစ်မိုးရာသီမှာ ထွန်ယက်မစိုက်ပျိုးနိုင်တဲ့ လယ်ဧကပေါင်း ငါးသောင်းကျော်ရှိတယ်လို့ တောင်သူလယ်သမားအရေးကို ဆောင်ရွက်ပေးသူတွေက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေဟာ ထွန်ယက်မစိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေ အများဆုံးရှိနေတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကြောင့်မစိုက်ပျိုးနိုင်တဲ့ လယ်ဧကပေါင်း ငါးသောင်းကျော်ရှိခဲ့တယ်။ အဲဒီအပေါ်မှာ ဆိုးကျိုးတွေတော်တော်ရှိခဲ့တယ်။ ဒီနှစ်ဆိုရင် အဲဒီထက်ပိုဆိုးနိုင်တယ်ဗျ။ ဒါပေမဲ့ ဒီနှစ်မှာကျတော့ အသေးစိတ်တော့ကွင်းဆင်းပြီးတော့ လုပ်နိုင်တဲ့အနေအထားမျိုးတော့မရှိဘူး။ ဒါပေမဲ့ ယေဘုယစစ်တမ်းတော့ရှိတယ်။ ဧက ငါးသောင်းအထက်ကိုရှိမယ်လို့ ယုံကြည်တယ်ပေါ့နော်။ အဲဒီလို အနေအထားတော့ရှိတယ်။ အဓိကကတော့ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ပိုများတာပေါ့။ တခြားမြို့နယ်တွေမှာလည်းရှိကြတယ်။ ဥပမာ မင်းပြားတို့ မြောက်ဦးတို့ မြေပုံတို့မှာလည်းရှိကြတယ်။ အများဆုံးကတော့ ကျနော်တို့စစ်တမ်းအရ ဆိုရင် ရသေ့တောင်နဲ့ ကျောက်တော်အများဆုံးပဲ”

ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်မြောက်ပိုင်းမှာ အခုလိုပဲ စစ်ဘေးကြောင့် လယ်ဧကပေါင်း ငါးသောင်းကျော် မစိုက်ပျိုးနိုင်ခဲ့ပါဘူး။

မြောက်ဦးမြို့နယ်မှာဆိုရင် တပ်မတော် စခန်းချထားတဲ့အနီးအနားတွေမှာ လယ်လုပ်ဖို့သွားရင် သေနတ်နဲ့ ပတ်ခတ်တာတွေရှိတဲ့အတွက် ဒီနှစ်မှာ လယ်ဧက ၇၀၀ လောက် မစိုက်ပျိုးနိုင်ခဲ့ဘူးလို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာက လယ်သမား ဦးစိုးနိုင်က ပြောပါတယ်။

“မစိုက်ပျိုးနိုင်တာကတော့ လုံခြုံရေးအခြေအနေရပေါ့ဗျာ။ အဲဒီနေရာတွေကို လူကလည်းဝင်ရဲဘူး။ သွားပြီး ထွန်ယက်မှာကိုက ကြောက်နေတဲ့အတွက်ကို အဲဒီနေရာတွေကတော့ ချန်လိုက်တဲ့အပိုင်းတွေဖြစ်ပါတယ်။ မြောက်ဦးမြို့နယ် မြောက်ပိုင်းနယ်မြေမှာဆိုရင် အနည်းဆုံးမရှိရင်တောင် ဧက ၆၀၀၊ ၇၀၀  လောက်တော့ ရှိမယ်ထင်တယ်။ စိုးရိမ်တာကတော့ တပ်စခန်းနဲ့ နီးတဲ့နေရာတွေပေါ့ဗျာ။ လင်းမြွေတောင်မှာ စစ်တပ်ကစခန်းချထားတဲ့နေရာ အဲဒီအနီးပတ်ဝန်းကျင်တွေကိုလာရင် ပစ်ခတ်တာတို့ အဲဒီလိုမျိုးတွေရှိတယ်။ တားတယ်ဆိုတာထက် တောင်ပေါ်ကနေ သေနတ်နဲ့ပစ်ခတ်တာဗျ။ အဲဒီလိုမျိုးဆိုတော့ ဘယ်သူမှာမသွားရဲတော့ဘူးလေ။ တားတာက ပါးစပ်နဲ့တားတာမဟုတ်ဘူး”

တောင်သူတွေဟာ တပ်မတော်စစ်ကြောင်းတွေ လာ၊ မလာကို အလှည့်ကျကင်းစောင့်ပြီး လယ်ယာတွေကို ထွန်ယက်ကြရသလို တိုက်ပွဲတွေ မရှိတဲ့အချိန် လယ်သွားထွန်ရာကနေ လက်နက်ကြီးတွေ အနားမှာလာကျပြီး ထိခိုက်ဒဏ်ရာရကြတာတွေလည်းရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

စစ်ဘေးကြောင့် အချိန်မှီ စပါးမစိုက်လိုက်နိုင်တဲ့အတွက် ရှေ့ဆက်ကြုံလာရမယ့် အခက်အခဲတွေကို မတွေးရဲလောက်အောင် စိုးရိမ်နေတဲ့ တောင်သူတွေလည်း ရှိပါတယ်။

“လက်နက်ကြီးတွေပစ်တော့ လယ်သမားတွေ လုပ်ငန်းခွင်ထဲမှာ အသက်ဆုံးရှုံးရတယ်။ နောက်ပြီးရွာမှာနေထိုင်တဲ့ လယ်သမားတွေ လက်ကြီးကျည်ထိမှန်တယ်။ အဲဒီလိုမကြာခဏဖြစ်နေတော့ လုပ်ယာလုပ်ငန်းခွင်မှာ တစ်ယောက်မှာ ပိပိရိရိမလုပ်နိုင်တော့ဘူး။ လယ်ယာလုပ်ငန်းကိုပဲ အမှီပြုပြီးစားနေရတဲ့သူဆိုတော့ အခုလို လယ်ယာလုပ်ငန်းမရှိတော့ ကျနော်တို့ဒေသအတွက် အခက်အခဲတွေကတော့ မတွေးရဲစရာပဲ”

ဦးအေးမောင်ဟာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတစ်ဦးဖြစ်ပြီး သူ့မှာရှိတဲ့ လယ် ၉ ဧကကို ဒီနှစ်မှာလည်း မထွန်ယက်နိုင်တော့ဘဲ ရသေ့တောင်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူပါ။ သူ့လိုပဲ ရသေ့တောင်မြို့နယ်မှာလည်း မစိုက်ပျိုးနိုင်တဲ့ လယ်ဧကပေါင်း ကိုးထောင်ကျော် ရှိတယ်လို့လည်း သူကဆိုပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးကြောင့် မစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေရှိသလို ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးပြီးတော့မှ မရိတ်သိမ်းနိုင်ခဲ့ဘဲ ဆုံးရှုံးသွားတဲ့ လယ်ဧက တစ်သောင်းဝန်းကျင် ရှိခဲ့ပါတယ်။

တောင်သူလယ်သမား အရေးဆောင်ရွက်နေသူတွေကတော့ ဒေသခံ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရက ဖြေရှင်းပေးရမယ့် တာဝန်ရှိတယ်လို့ ထောက်ပြကြပါတယ်။

“မနှစ်ကတော့ စိုက်ပျိုးပြီးတော့မှာ မသိမ်းနိုင်ခဲ့တဲ့ဧက တစ်သောင်းကျော်လောက်ရှိခဲ့တယ်။ စိုက်ပျိုးတယ်။ ဒါပေမဲ့ ရိုက်သိမ်းတဲ့အချိန်ကျတော့လည်း ပြန်ပြီးတော့အခက်အခဲကြုံရတယ်။ ရိုက်သိမ်းတဲ့အခါမှာ လယ်ကွက်ထဲကို စပါးရိုတ်ဖို့ဆင်းတာနဲ့ လှမ်းပြီးတော့ ပစ်တာတို့ ဘာတို့ရှိတယ်။ အဲဒီအပေါ်မှာ တောင်သူတွေက ကြောက်လန့်ပြီးတော့ ဆုံးရှုံးခဲ့ရတယ်ပေါ့နော်။ ဒီနှစ်လည်း အဲဒီလိုပဲ ရိတ်သိမ်းရာသီမှာ ကြုံရနိုင်တဲ့ အခက်အခဲအများကြီး ကျွန်တော်တို့တွေ့မြင်ထားတယ်။ နှစ်ဖက်ကြားမှာ အခက်အခဲကြုံရတဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်။ အဓိကတာဝန်ရှိတာက ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရောပေါ့”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတော့ တောင်သူတွေအနေနဲ့ အခက်ခဲတွေ အစိုးရအဖွဲ့ကို တင်ပြလာရင်တော့ ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ မြို့နယ်မှာဆိုရင်လည်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီရှိတယ်။ ခရိုင်စီမံခန့်ခွဲရေးကော်မတီရှိတယ်။ သူတို့မှာသက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်တွေရှိပါတယ်။ သူတို့နဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကျွန်တော်တို့အစိုးရအဖွဲ့ကို တရားဝင်တင်ပြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကတော့ အကုန်လုံးကိုပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်နိုင်တာတွေအကုန်လုံးကို ဒေသခံပြည်သူတွေ စိတ်မညဉ်းစေရအောင် အကုန်လုံးစီစဉ်ဆောင်ရွက်ပေးဖို့ရှိပါတယ်”

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေဟာ ဒီနေ့အချိန်အထိ ပြင်းထန်နေဆဲပါ။ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူဟာလည်း အခုလဆန်းပိုင်းအထိ လူပေါင်း နှစ်သိန်းနှစ်သောင်းကျော်ရှိနေတယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ဒေသခံတွေ နေရပ်ပြန်ရေးဟာ အလှမ်းဝေးနေဆဲဖြစ်တာကြောင့် စပါးမစိုက်ပျိုးနိုင်တဲ့ ဒေသခံတွေမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာမလားဆိုတာကို ဒေသခံတွေအကြား စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။