တရုတ်ဘက်ကပိတ်ထားလို့ လိုင်ဇာမြို့နားက ငါးမွေးမြူသူတွေ အခက်အခဲဖြစ်နေ

2022.09.22
တရုတ်ဘက်ကပိတ်ထားလို့ လိုင်ဇာမြို့နားက ငါးမွေးမြူသူတွေ အခက်အခဲဖြစ်နေ ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းအနီးမှာ လုပ်ကိုင်နေတဲ့ ငါးမွေးမြူရေးလုပ်ငန်းတစ်နေရာကို တွေ့ရစဉ်
Photo: RFA

စစ်ဘေးဒုက္ခသည်လည်းဖြစ် ဘာသာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဆရာ တူးဆန့်ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ - တရုတ်နယ်စပ်၊ ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းနားမှာ မိသားစုနဲ့အတူ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ကိုင်နေသူဖြစ်ပါတယ်။

သူဟာ မိုးမောက်မြို့နယ် လိုင်မောက်ယန်ရွာကဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် ကချင်စစ်ပွဲကြောင့် ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပြီး မိသားစုစားဝတ်နေရေးနဲ့ ကလေးကျောင်းစားရိတ်အတွက် မြေငှားပြီး ငါးမွေးမြူရေး စလုပ်ခဲ့တာပါ။

ကိုဗစ် - ၁၉ ကပ်ရောဂါမဖြစ်ခင်အထိ ငါးကြင်း၊ မြက်စားငါး၊ ငါးခူ စတဲ့ငါး အကောင်ရေ တစ်သောင်းကျော် မွေးမြူခဲ့ပေမယ့် ၂၀၁၉ ခုနှစ် တရုတ်ဘက်မှာ ကိုဗစ်ဖြစ်ခဲ့ပြီးနောက်ပိုင်း လမ်းတွေ ပိတ်လိုက်တာကြောင့် အခက်အခဲတွေ စကြုံခဲ့တာလို့ ဆရာ တူးဆန့်က RFA ကို ပြောပါတယ်။

"၂၀၁၂ နှစ်ကုန်ပိုင်းလောက်က ဒီမှာ ငါးမွေးတယ်။ ဒီငါးတွေက အမှန်ဆို အခု ရောင်းကုန်တဲ့အချိန် ဖြစ်နေပြီ။ တရုတ်ပြည် လမ်းပိတ်လိုက်တော့ ငါးစာတွေ ဝယ်ဖို့ ခက်ခဲသွားတယ်။ lockdown ကာလကဆို ငါးစာ လုံးဝမကျွေးရဘူး။ တရုတ်ပြည် ကလည်း ဝယ်မရတော့ မကျွေးရဘူး။ မြန်မာဘက်ကလည်း ဝယ်မရဘူး။ အခုမှပဲ မြန်မာဘက်က ပြန်မှာရတာ။ မြန်မာဘက်က ငါးစာလည်း သိပ်အားမရှိသလိုပဲ။ အခု ၁၀ လလောက်တောင်ရှိလာပြီ အခုလည်း ငါးတွေသိပ်မကြီးဘူး"

လမ်းပိတ်လိုက်ပြီးနောက် တရုတ်ဘက်က ငါးစာတွေဝယ်လို့မရသလို မြန်မာဘက်က အရင် ၂၅၀၀၀ ကျပ်သာရှိတဲ့ ငါးစာတစ်အိတ်ကို အခု ၇၅၀၀၀ ကျပ်အထိ ပေးဝယ်နေရတာ ကြောင့် အရင်လို ပုံမှန် အစာမကျွေးနိုင်တော့ဘူးလို့ ဆိုပါတယ်။

"မြန်မာဘက်က ငါးစာလည်း သိပ်အားမရှိသလိုပဲ။ အခု ၁၀ လလောက်တောင်ရှိလာပြီ အခုလည်း ငါးတွေသိပ်မကြီးဘူး"

အရင်ကတော့ ငါးတွေကို တစ်ပိဿာ တစ်သောင်းကျပ်နဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေရော လိုင်ဇာမြို့မှာ နေထိုင်သူတွေရော ကန်အထိ လာရောက်ဝယ်ယူခဲ့ကြလို့ အဆင်ပြေခဲ့ကြတယ်လို့ ငါးမွေးမြူနေသူတွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာကနေ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းကို ပြောင်းရွှေ့ လာပြီး ဒုက္ခသည်စခန်းအနီး ငါးမွေးမြူရေးလုပ်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဒေါ်လဆန်ထုဘောင်ကလည်း ငါးစာတွေ ဈေးကြီးပြီး မဝယ်နိုင်တော့လို့ အရွက်တွေနဲ့ ထမင်းကျန်တွေသာ ကျွေးနေရတယ်လို့ RFA ကိုပြောပါတယ်။

"တရုတ်လမ်း ပိတ်လိုက်တော့ အခု ကြံရွက်တွေ၊ ကန်စွန်းရွက်တွေ၊ ပီလောပီနံရွက် တွေပဲ ကျွေးပြီးမွေးနေတာ။ အစာလည်း ဝယ်လို့မရတော့ဘူး။ ပိုက်ဆံလည်း မရှိတော့ အဲဒါတွေပဲ ကျွေးနေတာ။ အစာတွေလည်း တရုတ်ငွေ ၂၅၀ ၊ ၃၀၀ (ကျပ်ငွေ တစ်သိန်း သုံးသောင်းဝန်ကျင်) ဆိုတော့ ဝယ်လို့လည်းမရ။ ဝယ်လို့ရရင်လည်း ပိုက်ဆံက မရှိဘူး ဆိုတော့ အရွက်တွေပဲကျွေးပြီး အချိန်ကြာကြီး မွေးရတာပေါ့။ ငါးမျိုးတွေလည်း အရင်က တရုတ်ကယူတာ အခုလမ်းပိတ်တော့ ငါးသားပေါက်လည်း ပြန်ယူလို့မရတော့ဘူး ဖြစ်နေတယ်"

တရုတ်ဘက်က အစာကို ကျွေးခဲ့ချိန်တုန်းက ခြောက်လလောက်ဆိုရင် ငါးတွေ ပြန်ရောင်း ရပြီ ဖြစ်ပေမယ့် အခု တစ်နှစ်ကျော် မွေးထားတာတောင် ရောင်းရတဲ့အရွယ် မရောက် သေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလည်း ငါးကန် ရှစ်ခုအတွက် ငါးသားပေါက် တစ်သောင်းခန့် ထည့်သွင်းမွေးမြူ ထားပေမယ့် ငါးထုတ်မရောင်းရတာ တစ်နှစ်ခန့်ရှိတာကြောင့် ဆီချို၊ သွေးတိုး၊ နှလုံး စတဲ့ ရောဂါတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သူ့အတွက် ဆေးဝါးပုံမှန်ဝယ်ဖို့တောင် ခက်ခဲ နေတယ်လို့ ဒေါ်လဆန်ထုဘောင်က ပြောပါတယ်။

feeding-fish.jpg
ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းအနီးမှာ ငါးမွေးမြူရေးလုပ်ကိုင်နေသည့် ဒေါ်လဆန်ထုဘောင် ငါးစာကျွေးနေသည်ကို တွေ့ရစဉ်။ (Photo: RFA)

တရုတ်ဘက် ငှက်ပျောခြံမှာ နေ့စားသွားလုပ်နေရာက ကိုဗစ်ကြောင့် အလုပ်မရှိတော့လို့ ငါးမွေးခဲ့တဲ့ ဦးဇော်လွမ်းကလည်း ဘယ်လိုမှဆက်လုပ်လို့ အဆင်မပြေတာကြောင့် လုံခြုံမှုမရှိသေးတဲ့ ဇာတိ ဝိုင်းမော်မြို့နယ် ပန်ဒေါင်ရွာပဲ ပြန်တော့မယ်လို့ RFA ကိုပြောပါတယ်။

"အခုဒီမှာက ဘာအလုပ်အကိုင်မှ မရှိတော့ဘူး။ ငွေရှာလည်း ခက်ခဲလာတော့ အခုလို ငါးမွေးလာတာပေါ့။ အခုက ပိုခက်ခဲတာတယ်။ အခုအကူအညီတွေလည်း မပေးတော့ဘူး ဆိုတော့ တော်တော် ခက်ခဲလာမယ်။ ဒီမှာပဲ ဆက်နေရင်လည်း ဘယ်လိုဆက်ပြီး နေရမလဲတောင် မသိလာတော့ဘူး။ ကျနော်တို့ရွာက ပြန်လို့မရသေးဘူး စစ်တပ်နဲ့ နီးတယ်ဆိုတော့။ ဒီနှစ် မိုးကုန်ရင်တော့ ပြန်ဖို့ဆုံးဖြတ်ထားတယ်။ ဒီမှာပဲ နေနေမယ် ဆိုလို့ ပိုခက်ခဲလာမှာဆိုတော့ ကြောက်ရင်လည်း မတတ်နိုင်တော့ဘူး။ ရွာပြန်ပြီး လုပ်ကိုင် စားသောက်ရတော့မှာပေါ့"

ဒါ့အပြင် အခုလိုအဆင်မပြေဖြစ်နေတဲ့အချိန်မှာပဲ စစ်ဘေးဒုက္ခသည်တွေအတွက် ပုံမှန်ထောက်ပံ့နေတဲ့ အထောက်အပံ့တွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ပိုစိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ကပ်ရောဂါ စဖြစ်ကတည်းက တရုတ်ဘက်က နယ်စပ်ဝင်ပေါက်တွေ အကုန် ပိတ်လိုက်တဲ့အပြင် တရုတ်ငွေလည်း အဆမတန် ဈေးတက်လာတာကြောင့် နယ်စပ် တစ်လျှောက် တရုတ်ဘက်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေ အပြင် စစ်ဘေးဒုက္ခသည်တွေပါ အခက်အခဲတွေ များစွာကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။