ဖရူဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ အငတ်ဘေးဆိုက်နေ

2022.04.28
ဖရူဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ အငတ်ဘေးဆိုက်နေ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အာဏာသိမ်းပြီး လအနည်းငယ်အကြာ ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုတော့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းလေးမှာ ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားရွာတွေကနေ ထွက်ပြေးလာသူ ၆၀၀၀ ကျော်လောက် ရှိနေပါပြီ။

အခုနှစ် မတ်လတုန်းကလည်း ကရင်နီတပ်မတော် KA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါင်းပြီး ဖရူဆိုမြို့နယ် ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၄၂၈ တပ်ရင်းကို ဝင်တိုက်တာကြောင့် မြို့ပြတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပြီးတိုင်း စစ်တပ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနား ကျေးရွာ တွေကို လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ချေမှုန်းလေ့ရှိတာကြောင့် ဖရူဆို အနောက်ခြမ်းက စိတ်ချလုံခြုံတဲ့ နေရာလေးတစ်ခုမှာ လူခြောက်ထောက်လောက် စစ်ရှောင်နေကြတာပါ။

"ဒီလိုပဲ ငတ်ပြတ်နေရတယ်ပေါ့။ ဟို..လုံးဝ မရှိဘူးဆို ကျမ ကိုယ်တော်ကို တစ်ခါ သွားတောင်းစားဖူးတယ်။ ဆီဆိုတာ သုံးလလုံး မစားရဘူးပေါ့နော်"

အချိန်ကြာလာတာနဲ့အမျှ ပိုခက်ခဲလာပြီး ဆန်၊ ဆီနဲ့ ဆားတောင် ပြတ်လပ်နေတာကြောင့် မနက်စာ၊ နေ့လယ်စာ၊ ညနေစာဆိုတာမျိုးကို မေ့ထားပြီး ထမင်းအနပ်ရေ လျှော့စားနေရ တယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်အညေးဇယ်က ပြောပါတယ်။ နီးစပ်ရာ ခရစ်ယာန်ကျောင်းတွေမှာ ကူညီလုပ်ကိုင်ရင်း တောင်းရမ်း စားသောက်နေရတယ်လို့လည်း ဆိုပါတယ်။

“ဒီလိုပဲ ငတ်ပြတ်နေရတယ်ပေါ့။ ဟို..လုံးဝ မရှိဘူးဆို ကျမ ကိုယ်တော်ကို တစ်ခါ သွားတောင်းစားဖူးတယ်။ ဆီဆိုတာ သုံးလလုံး မစားရဘူးပေါ့နော်။ တစ်ခါလောက် စားဖူးချင်တယ်ဆိုပြီးတော့ ဘုန်းကြီးဆီမှာ သွားတောင်းတော့ တစ်ဘူးပေးတယ်။ နောက် ခေါက်ဆွဲဆိုရင် ငါးထုပ်၊ အဲဒါတွေပေးပါတယ်"

ဒေါ်အညေးဇယ်က ခင်ပွန်းဆုံးသွားတဲ့ မုဆိုးမတစ်ဦးဖြစ်ပြီး သူ့မှာ ၁၆ နှစ်အရွယ် သမီးတစ်ယောက် ရှိပါတယ်။

အလှူရှင်တွေဆီကနေ တစ်လကို ဆန်တစ်ပုံးရပေမယ့် ဘာဝင်ငွေမှမရှိတဲ့ ဒေါ်အညေးဇယ်တို့ သားအမိအတွက်ကတော့ မလုံလောက်ပါဘူး။

နေ့စဥ်ဝမ်းရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆန်နဲ့ ဆီတောင် အလုံအလောက် မရတာကြောင့် ကက်သလစ် သီလရှင်ကျောင်းမှာ ကူညီလုပ်ကိုင်ရင်း မှီခိုစားသောက် နေရတာ တစ်လနီးပါးရှိပြီလို့ ဒေါ်အညေးဇယ်က ပြောပါတယ်။

"ဆန်ကျတော့ ဒီတစ်လအတွင်း ကျမနဲ့ ကျမသမီးက ဆီဆယ်ကျောင်းမှာပဲ သွားစား ကြတော့ တဲထဲမှာက တစ်ပတ်စာလောက်ပဲ ကျန်တော့မယ်။ ဘာဖြစ်လို့လဲဆို ဒီမှာ တစ်လလောက် ဆက်စားမယ်ဆိုရင်တော့ မရှိတော့ဘူးပေါ့"

သားအမိနှစ်ယောက် ဗိုက်ဝအောင်စားဖို့ မဖြစ်နိုင်တာကြောင့် မိခင်ဖြစ်သူက နေ့လယ်စာ လျှော့စားပြီး သမီးကလေးကိုသာ ဦးစားပေးပါတယ်။ သူကတော့ နေ့လယ်စာကို မေ့ထားတာ ကြာပါပြီ။

ခရစ်ယာန်ဘုရားကျောင်းကို မှီခိုစားသောက်ရတဲ့ နေ့စဥ်အစားအစာမှာ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖွံ့ဖြိုးကြီးထွားဖို့အတွက် လုံလောက်တဲ့အာဟာရဓာတ် ပြည့်ပြည့်ဝဝ မရပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတော့ သူ့သမီးလေးမှာ အာဟာရပြတ်လပ်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာပြီး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေါ်အညေးဇယ်က ဆိုပါတယ်။

"နည်းနည်းချို့ယွင်းချက်ရှိတယ်ဆိုတာက ဘာကြောင့် ချို့ယွင်းလဲဆိုတော့ ကျမ အတွက်က ငွေရေးကြေးရေး မလုံလောက်ဘူး။ လုံးဝ မရှိဘူး။ နောက်ပြီးတော့မှ သူ့အတွက် အခက်အခဲရှိတယ်ဆိုတာက အာဟာရချို့ချင်တယ်။ ဟိုအရင် နိုဝင်ဘာ လတုန်းက၊ ဒီဇင်ဘာလတုန်းက ဆေးရုံနှစ်ပတ် တက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဟာရချို့ယွင်းတယ်လို့ ဆရာမက ပြောတယ်"

အသက် ၁၈ နှစ်အောက် ကလေးတစ်ဦး ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်တဲ့ အသားဓာတ်ကို မစား ရရင်တောင် ဆန်၊ ဆီ၊ ဆားနဲ့ အာဟာရဖြစ်စေမယ့် ဟင်းသီးဟင်းရွက်လို အစားအစာ မျိုးလေးတော့ ရချင်တယ်လို့ ဒေါ်အညေးဇယ်က ဆိုပါတယ်။

ဒီလိုအခြေအနေကို သူတို့သားအမိတင်မဟုတ်ဘဲ ဖရူဆိုအနောက်ခြမ်းက ဘဝတူ စစ်ဘေးဒုက္ခသည်အားလုံး ခံစားနေရတာလို့ ဒေါ်အညေးဇယ်က ပြောပါတယ်။ ဖရူဆို တစ်မြို့နယ်လုံး တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် မြို့အရှေ့ခြမ်းမှာလည်း သူတို့လို စစ်ဘေးဒုက္ခသည်တွေ ရှိနေပါတယ်။

hpruso-refugees.jpg
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (Photo: Phe Day Lyy)

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးကတော့ ဒုက္ခသည်တွေ အတွက် သီးသန့်လှူမယ့်သူလည်းမရှိ၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာလည်း ရိက္ခာ မလုံလောက်တော့ဘူးဆိုရင် ရှေ့တစ်ပတ်လောက်မှာ စားနပ်ရိက္ခာ လုံးဝပြတ်သွားနိုင်တယ် လို့ ပြောပါတယ်။

"စားရေးသောက်ရေးမှာ အဓိက လိုအပ်တယ်။ ဆန်တွေဆိုလို့ရှိရင် မလုံမလောက်နဲ့ စားသောက်နေရတယ်။ တချို့မိသားစုဆိုရင် ကျနော်မြင်တွေ့ရသလောက် ကိုယ့်ဆီမှာ စားဖို့ဆန်မရှိတဲ့အခါကျတော့ ကက်သလစ် ဘုန်းတော်ကြီးဆီကနေပြီးတော့မှ လုပ်အားပေးတွေ သွားလုပ်ပြီးတော့မှ မှီခိုစားသောက်နေရတဲ့ မိသားစုတွေ ရှိတယ်။ အကယ်၍ ဒီကက်သလစ်ဘုန်းတော်ကြီးကျောင်းမှာ အလုပ်အကိုင် မရှိတော့ရင် သူတို့ကို မှီခိုရတဲ့ မိသားစုအနည်းငယ်ကတော့ စားဖို့သောက်ဖို့က လုံးဝ ပြတ်လပ်သွားမယ့် အခြေအနေလည်း ရှိတယ်"

အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် ကယား (ကရင်နီ) ပြည်နယ်တစ်ခုလုံး မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းနီးပါး (၁၉၇,၁၁၅) ဦး ရှိနေကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က မတ်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။