ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာအခက်အခဲ


2018.11.07

 

KIA ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ရာ တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေပြီး အကူအညီ အလုံအလောက်မရတဲ့အတွက် မိသားစုဝင်တချို့ တရုတ်နိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်ရတာတွေ ရှိနေပါတယ်။

RFA သတင်းထောက် ကိုရဲထက် တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~

ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာအခက်အခဲ

(ရဲထက်)

■ တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ်နဲ့ မဝေးတဲ့နေရာမှာ လိုင်ဇာ၊ ဂျယ်ယာန်၊ ဖုံလုံယာန်၊ ဝယ်ကြိုင် စတဲ့ ဒုက္ခသည်စခန်းတွေ ရှိပါတယ်။  

အဲဒီအထဲက ဂျယ်ယာန်  ဒုက္ခသည်စခန်းဟာ အိမ်ခြေ တစ်ထောင်ကျော် ရှိပီး လူဦးရေ ၈ ထောင်ကျော်နေတဲ့ ဒုက္ခသည်စခန်းဖြစ်ပါတယ်။

စခန်းနဲ့ လူဦးရေ မမျှတသလို စားနပ်ရိက္ခာလည်း အလုံအလောက်မရဘူးလို့ စခန်းတာဝန်ခံ က ပြောပါတယ်။

"စားနပ်ရိက္ခာ နံပါတ်တစ် အခက်အခဲပြီးတော့ လူဦးရေနဲ့ နေတာမမျှတဘူး လုပ်ကိုင်စားသောက်ဖို့ နယ်မြေမရှိဘူး အခက်အခဲဆုံးပဲ"

မြန်မာနိုင်ငံဘက်မှာ ဘေးပတ်ဝန်းကျင်က တောင်ပတ်လည်ဝိုင်းနေသလို လုပ်ကိုင်စားစရာ နေရာရှိပေမယ့်လည်း နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ တားမြစ်နယ်မြေတွေ ဖြစ်နေကြတာကြောင့် သွားရောက်လုပ်ကိုင်ဖို့ ခက်ခဲနေကြရပါတယ်။ စခန်းအတွင်းရှိ အမေအိုတစ်ဦးက သူ့ရဲ့ စားဝတ်နေရေး အခက်အခဲကြောင်း တရုတ်လူမျိုးတစ်ယောက်ရဲ့ဝက်ကို အငှားမွေးပေးနေရတဲ့အကြောင်း ပြောပြပါတယ်။

"ဘာမှမလုပ်စားတတ်ဘူး တရုတ်ပြည်အကြွေးလာပေးထားတာ မြတ်တဲ့ဟာ စားရအောင်ပေးထားတာ ဘာမှလုပ်ကိုင်စားတာမရှိဘူး သမီးက သူများအကူအညီပေးထားတဲ့ ပိုက်ဆံနဲ့ ဈေးရောင်းနေတာ အမေက ဘာမှမလုပ်တတ်တော့ဘူး လေဖြတ်အခံလည်းရှိတယ်။ ဘယ်မှလည်း မသွားတတ်တော့ဘူး ခက်ခဲလို့ အဲဒီမှာ တရုတ်ဘိုးတော်က အကြွေးလာပေးထားတာ မွေးပြီးမှ ရောင်းတဲ့ ရောင်းပြီးမှ အမြတ် နင်တို့စားတဲ့ အရင်းကိုပြန်ပေးတဲ့"

အဲဒီလို အခက်အခဲတွေ ရှိနေတာကြောင့် အရွယ်ရောက်တဲ့သူတွေရှိတဲ့ မိသားစုဝင်အချို့ကတော့ တရုတ်နိုင်ငံ ဘက်သွားပီးတော့ ရရာအလုပ်လုပ်ကိုင်နေရတယ်လို့ စခန်းတာဝန်ခံက ဆက်ပြောပြပါတယ်။

"ပတ်စပို့မရှိတဲ့အခါကျတော့ အဖမ်းခံရတယ် ပတ်စပို့ရှိရင် သွားလို့ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် လုပ်ကိုင်စားသောက်ပုံခြင်းမတူကြဘူး၊ တချို့က ပန်းရံလုပ်တယ် တချို့က အလုပ်သမားသွားလုပ်တယ် တချို့က သူများဆိုင်မှာ အလုပ်သမားသွားလုပ်တယ် တချို့က သူများခြံမှာ သွားစောင့်ပေါ့၊ ဒါတောင် ပတ်စပို့မရပဲ အလုပ်သွားလုပ်တယ် မိလို့ရှိရင် အဖမ်းခံပေါ့ ကျနော်တို့ဘက်ကနေ တရုတ်အစိုးရ နဲ့ ချိတ်ဆက်ပြီးတော့ ပြန်ပြီးခေါ်ယူရတယ်"

ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ အင်န်ဂျီအို အဖွဲ့တွေက ကူညီထောက်ပံ့တာတွေ အစပိုင်း ၂၀၁၁ ခုနှစ်လောက်မှာ အများအပြားရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ အရင်ကထက်စာရင် တဝက်လောက်ပဲ အကူအညီရတော့တယ်လို့လည်း သိရပါတယ်။

တရုတ်နယ်စပ်ရောက် စစ်ပြေးဒုက္ခသည်တွေဟာ ကေအိုင်အိုနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေကြောင့် ၂၀၁၁ ခုနှစ် ဇွန်လမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဖြစ်ပါတယ်။ သူတို့အနေနဲ့ မူရင်းနေ လုံခြုံမှုမရှိသေးတာကြောင့် ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။  

တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကတော့ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ မန်စီ စတဲ့မြို့နယ်အတွင်းက က ဖြစ်ပြီး စုစုပေါင်း တစ်သိန်းကျော်တယ်လို့လည်း သိရပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။